ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကစားရခက်တဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ဘက်တွေဟာ သူတို့အသင်းရဲ့ အိမ်ကွင်းဆီ လာကစားရတိုင်း ကြောက်ရွံ့နေအောင် အိမ်ကွင်းကို ခံတပ်တခုလို ဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

စပါးနဲ့ အဲဗာတန်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် စပါးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ စပါးက ပွဲစပွဲဆုံး ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး အဲဗာတန်ကတော့ စပါးရဲ့ တိုက်စစ်တွေကို ခုခံရင်းနဲ့သာ အချိန်ကုန်ခဲ့ရသလို ဂိုးသွင်းခွင့် များများစားစားလည်း မရခဲ့ပါဘူး။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ စပါးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅၉မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပေးခဲ့သလို ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၈၆မိနစ်မှာ အဓိက ကွင်းလယ်လူ Hojbjergက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

အဲဗာတန်ကို အနိုင်ရရှိပြီးတဲ့နောက် စပါးက အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့်၁နဲ့ အဆင့်၂နေရာတွေမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ အဲဗာတန်လို ကစားရခက်တဲ့ အသင်းမျိုးကို ခြေစွမ်းအသာ ၊ ဂိုးအသာနဲ့ အနိုင်ရခဲ့တဲ့ အပေါ် အတော်လေး ပျော်ရွှင်နေကာ သူတို့အသင်းဟာ အိမ်ကွင်းကို ခံတပ်တခုလို ဖြစ်အောင် လုပ်ဆောင်နေပြီလို့ ပွဲအပြီးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

Photo Credit: Standard

ကွန်တီက – “ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားရတဲ့အခါ အိမ်ကွင်းက ကျွန်တော်တို့ရဲ့ ခံတပ်တခုလို ဖြစ်နေရပါမယ်။ ဒါက အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်တို့တွေ ရလဒ်ကောင်း ရယူနိုင်ဖို့ ပရိသတ်တွေရဲ့ အားပေးမှုတွေလည်း လိုအပ်ပါတယ်။ သူတို့က အရေးပါတဲ့ အခန်းကဏ္ဍတခု ကနေ ပါဝင်နေတဲ့ လူတွေပါ။ ပရိသတ် အားပေးမှု အပြည့် ရှိနေတဲ့ အသင်းနဲ့ ယှဉ်ပြိုင် ကစားရတာဟာ အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော်တို့ကလည်း အဲ့ဒီလို ပွဲမျိုးတွေကို ကြုံဖူးပြီးသားပါ။ စပို့တင်းရဲ့ပွဲမှာ သူတို့အသင်းရဲ့ ပရိသတ်တွေက သူတို့ ကစားသမားတွေကို တခဲနက် အားပေးခဲ့ကြတာကြောင့် ကျွန်တော်တို့တွေဟာ သူတို့နဲ့ ရင်ဆိုင် ကစားဖို့ ခက်ခဲခဲ့ကြပါတယ်။ ဖရန့်ဖတ်နဲ့ပွဲမှာလည်း အဲ့ဒီလိုပါပဲ။ ဒါကြောင့် ကျွန်တော်တို့ကလည်း ကိုယ့်ရဲ့ အိမ်ကွင်းကို ခံတပ်တခုလို ဖြစ်အောင် ၊ ပြိုင်ဘက်တွေ အတွက် ကစားရခက်တဲ့ နေရာမျိုး ဖြစ်လာအောင် လုပ်ရပါမယ်။ ဒီအတွက် ပရိသတ်တွေကလည်း ကျွန်တော်တို့ကို ထောက်ခံ အားပေးဖို့ လိုပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။