ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ သူ့ရဲ့ သမီးဖြစ်သူ အတွက် လက်တွဲဖော် ရှာရင် ဆွန်ဟောင်မင်လို လူမျိုးကိုပဲ သမက်တော်ချင်ကြောင်း နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ဆွန်ဟောင်မင်က ကွန်တီရဲ့ လက်အောက်မှာ ကစားရင်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက် ရယူနိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Sky Sports

ဆွန်ဟောင်မင်က ယခုနှစ် ဘောလုံးရာသီမှာ စပါးအတွက် ပရီးမီးယားလိဂ် ၄ပွဲ ကစားပေးထားချိန်မှာ သွင်းဂိုးတွေ မသွင်းယူနိုင်သေးပေမယ့် သူ့ရဲ့ လုပ်အားနှုန်းနဲ့ ကစားပုံက စပါးအတွက် အရေးပါနေဆဲ ဖြစ်ပြီး သူ့ရဲ့ တိုးအား ၊ ရုန်းအားတွေကြောင့်သာ စပါးအသင်းဖော်တွေဟာ ဂိုးသွင်းခွင့်တွေ ရရှိနေတာပါ။

ဒါကြောင့်ပဲ စပါးနည်းပြ ကွန်တီက နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်အပြီးမှာ ဂိုးပေါက်ပျောက်နေတဲ့ ဆွန်ဟောင်မင်ကို ကာကွယ်စကား ပြောကြားသွားခဲ့သလို ဆွန်ဟောင်မင်ဟာ လူကောင်း တဦး ဖြစ်တာကြောင့် သူ့သမီးအတွက် လက်တွဲဖော် ရှာပေးရင်လည်း ဆွန်ဟောင်မင်လို လူမျိုးကိုပဲ ရှာပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ကွန်တီက – “တကယ်လို့ ကျွန်တော်ကသာ သမီးအတွက် လက်တွဲဖော် ရှာပေးရမယ် ဆိုရင် ဆွန်ဟောင်မင်နဲ့ တူတဲ့ လူမျိုးကိုပဲ သမက်တော်ချင်ပါတယ်။ အခုချိန်မှာ ဆွန်ဟောင်မင်က သွင်းဂိုးတွေ မသွင်းယူနိုင်သေးလို့ အတော်လေး ခံစားနေရပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်က ကျွန်တော့်ရဲ့ ကစားကွက်နဲ့ ဘောလုံး အတွေးအခေါ်ထဲမှာ အမြဲတမ်း ပါဝင်နေယ့် ကစားသမားပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။