ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ သူတို့အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အသင်းထံ တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ထားတဲ့ ခံစစ်မှူး ရိုမဲရိုးကို ရာသီကုန်မှာ အပြီးသတ် ခေါ်မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး ရိုမဲရိုးဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ စီးရီးအေ နာမည်ကြီးကလပ် အတ္တလန်တာ ကနေ စပါးထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး စပါးက သူ့ကို ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ရရှိထားပါတယ်။

Photo Credit: Express

ရိုမဲရိုးဟာ စပါးထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ တိုးတက်လာနိုင်တဲ့ ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၁၃ပွဲ ပါဝင် ကစားပေးထားကာ သူ ပါဝင် ကစားတဲ့ ပွဲတွေမှာ စပါးရဲ့ ခံစစ် ကစားပုံက အတော်လေး ကောင်းမွန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ စပါးနည်းပြ ကွန်တီက သူတို့အသင်းဟာ ရိုမဲရိုးကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Photo Credit: Express

ကွန်တီက – “ရိုမဲရိုးက လာမယ့် ဇွန်လမှာ ကျွန်တော်တို့ရဲ့ အမြဲတမ်း ကစားသမား ဖြစ်လာပါလိမ့်မယ်။ သူက ကျွန်တော်တို့ဆီ အငှားနဲ့ လာရောက် ကစားနေပေမယ့် ကျွန်တော်တို့မှာ သူ့ကို အပြီးသတ် ခေါ်ယူနိုင်တဲ့ အခွင့်အရေးမျိုး ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့က သူ့ကို အတ္တလန်တာ ကနေ အပြီးသတ် ဝယ်ယူပြီးပြီလို့ ပြောနိုင်ပါတယ်။ ရိုမဲရိုရဲ့ ကစားပုံက ပရီးမီးယားလိဂ်နဲ့ အံဝင်ခွင်ကျပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။