ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ အန်တိုနီ ကွန်တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အမှတ်မထင် အရေးနိမ့်ခဲ့ပြီးနောက် သူ့အသင်းရဲ့ ကစားသမားတွေဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းလွန်းတယ် လို့ ငြီးတွားသွားခဲ့ပါတယ်။

ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ အတော်လေးကို ကြာနေပြီ ဖြစ်တဲ့ စပါးဟာ ယခုနှစ် ဘောလုံးရာသီမှာ ရောက်လေရာ အသင်းတိုင်းနဲ့ ဆုဖလားတွေ ရယူနိုင်တတ်တဲ့ အီတလီ ထိပ်သီးနည်းပြ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် ဆုဖလားတွေ ရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ယနေ့မနက် အစောပိုင်းမှာတော့ စပါးဟာ သူတို့ရဲ့ ယခုနှစ် ဘောလုံးရာသီ အတွက် နောက်ဆုံး ဆုဖလား မျှော်လင့်ချက် ဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ မစ်ဒယ်ဘရော့ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရတာကြောင့် ယခုနှစ် ဘောလုံးရာသီကို ဖလားလက်မဲ့ရာသီ အဖြစ်နဲ့ အဆုံးသတ်ရတော့မှာပါ။

မစ်ဒယ်ဘရော့ကို အမှတ်မထင် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ စပါးနည်းပြ ကွန်တီက အသင်းသားတွေရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတဲ့ အကြောင်းတွေကို ရင်ဖွင့်လာခဲ့ပြီး စပါး ကစားသမားတွေဟာ ထိပ်တန်း ကစားသမားတွေ ဖြစ်ပေမယ့် ဆုဖလားတွေ ရယူချင်ရင် ခြေစွမ်းပိုင်း တည်ငြိမ်မှု ရရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

ကွန်တီက – “ကျွန်တော်တို့အသင်းက အတိတ်တုန်းကထက် ပိုပြီး ခြေစွမ်းပိုင်း တည်ငြိမ်မှု ရှိဖို့ လိုအပ်နေပါပြီ။ ခြေစွမ်းတည်ငြိမ်မှု လိုအပ်နေတာက အသင်းရဲ့ အဓိက ပြဿနာ တခု ဖြစ်နေပါတယ်။ ကျွန်တော်က ဒီအသင်းရဲ့ နည်းပြပါ။ စပါးလိုမျိုး နာမည်ကြီးအသင်း တသင်းမှာ ရှိနေတဲ့ ကစားသမားတွေကလည်း ထိပ်တန်း ကစားသမားတွေချည်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့အသင်းက ဆုဖလား အောင်မြင်မှုတွေ ရချင်ရင် ထိပ်တန်း ကစားသမားတွေ ရှိနေရုံနဲ့ မရပါဘူး။ ထိပ်တန်း ကစားသမားတွေနဲ့အတူ တည်ငြိမ်တဲ့ ခြေစွမ်းရှိဖို့လည်း လိုပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။