ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် အုပ်စုပွဲစဉ်မှာ မူရာအသင်းကို အဝေးကွင်းမှာ အမှတ်မထင် အရေးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ထိပ်တန်းအသင်း တသင်း မဟုတ်သေးကြောင်း ဝန်ခံစကား ပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းဟာ ယခုနှစ်ရဲ့ ယူရိုပါကွန်းဖရန့်လိဂ်ကို ရရှိဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်း အဖြစ် ဘောလုံးပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရပေမယ့် အုပ်စုပွဲစဉ် ၅ပွဲ ကစားပြီးချိန်မှာတော့ အုပ်စုအဆင့် ကနေ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့တောင် ရုန်းကန်နေရပါတယ်။

Photo Credit: Flip Board

အုပ်စုပွဲစဉ် ၅ပွဲ ကစားပြီးချိန်မှာ စပါးအသင်းဟာ ရမှတ် ၇မှတ်သာ စုဆောင်းထားနိုင်ပြီး ဒုတိယနေရာက ဗွီတက်ဆီအသင်းနဲ့ ရမှတ်ခြင်း တူညီနေပေမယ့် ထိပ်တိုက် တွေ့ဆုံစဉ်မှာ ရှုံးနိမ့်ထားတာကြောင့် တတိယနေရာကို ရောက်ရှိနေပါတယ်။

မူရာအသင်းနဲ့ပွဲစဉ်မှာသာ အနိုင်ရရှိခဲ့ရင် စပါးအသင်းဟာ ရမှတ် ၁၀မှတ်နဲ့ အုပ်စုရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ဖွယ် ရှိခဲ့ပေမယ့် အုပ်စုတွင်းမှာ ပွဲတိုင်း ရှုံးနိမ့်ထားတဲ့ မူရာအသင်းရဲ့ မထင်မှတ်တဲ့ ရုန်းကန်အားကြောင့် အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Flip Board

မူရာအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီက သူတို့အသင်းမှာ ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ဖို့ လိုအပ်နေသေးကြောင်း ပြောကြားခဲ့သလို သူတို့အသင်းဟာ ဥရောပရဲ့ ထိပ်တန်းအသင်း အဆင့်မှာ မရှိကြောင်းလည်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ကွန်တီက – “ဒီပွဲရဲ့ အရှုံးက ကျွန်တော်တို့ကို အတော်လေး ထိခိုက်စေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ညံ့ဖျင်းခဲ့တာကိုလည်း ဝန်ခံရပါမယ်။ ကျွန်တော်တို့ အသင်းမှာ ပြုပြင်စရာတွေ အများကြီး ရှိနေသေးတာကိုလည်း သိပါတယ်။ အခုချိန်က ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ အချိန်တခုပါ။ ကျွန်တော်တို့တွေ တိုးတက်လာဖို့ စိတ်ရှည်ပေးရပါမယ်။ ဒါမှသာ ကျွန်တော်တို့တွေ အရင်ကလို ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ကျွန်တော်က အသင်းရဲ့ အခြေအနေကို နားလည်နိုင်အောင် ကြိုးစားနေပါတယ်။ အသင်းတွင်း ပြဿနာတွေကို ဖြေရှင်းဖို့က လွယ်ကူတာတော့ မဟုတ်ပါဘူး။ သေချာတာက ကျွန်တော်တို့ဟာ ထိပ်တန်းအသင်း အဆင့်မှာ မရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။