ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု(D)ရဲ့ ဒုတိယမြောက် အုပ်စုပွဲ တပွဲ ဖြစ်တဲ့ စပို့တင်း လစ္စဘွန်းနဲ့ စပါးတို့ရဲ့ ပွဲမှာတော့ အိမ်ရှင် စပို့တင်း လစ္စဘွန်းက ပွဲပြီးခါနီးမှာ ရခဲ့တဲ့ သွင်းဂိုးတွေနဲ့အတူ စပါးကို အနိုင်ယူကာ အင်္ဂလန်ကလပ်တွေနဲ့ တွေ့ဆုံတိုင်း နိုင်ပွဲမရသေးတဲ့ သူတို့ရဲ့ မှတ်တမ်းဆိုးကို ချေဖျက်သွားနိုင်ခဲ့ပါတယ်။

ပေါ်တူဂီမြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် အိမ်ရှင် စပို့တင်း လစ္စဘွန်းက ကစားပိုင်းအရ ဧည့်သည် စပါးထက် ပိုကောင်းခဲ့တာကို သိသိသာသာ မြင်တွေ့ခဲ့ရပြီး စပါးကတော့ သူတို့အသင်းရဲ့ အားကိုးရတဲ့ တန်ပြန်တိုက်စစ်နဲ့သာ စပို့တင်း လစ္စဘွန်းကို ထိုးနှက်ဖို့ ကြိုးစားသွားခဲ့ပါတယ်။

Photo Credit: Yahoo

ဒါပေမယ့် စပို့တင်း လစ္စဘွန်းရဲ့ ခံစစ်ပိုင်း ကျစ်လျစ်မှုနဲ့ တန်ပြန်တိုက်စစ် အတွက် အသင့် ပြင်ဆင်ထားမှုတွေကြောင့် စပါးက စပို့တင်း လစ္စဘွန်းကို အသာစီး ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး စပို့တင်း လစ္စဘွန်းကတော့ သူတို့အသင်းရဲ့ ထုံးစံအတိုင်း တချက်ထိ အမြန်ပေး ကစားဟန်နဲ့ စပါးကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ လူစားဝင် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ပေါ်လင်ဟိုနဲ့ အာသာတို့က ပွဲချိန် ၉၀မိနစ်နဲ့ ပွဲချိန် ၉၀+၃မိနစ်တို့မှာ အသီးသီး သွင်းယူပေးခဲ့ကြပြီး စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ သူတို့အသင်းဟာ ရမှတ်ဗလာနဲ့ အိမ်ပြန်လာရတာ မဖြစ်သင့်ကြောင်းနဲ့ သရေရလဒ်ဟာ အသင့်တော်ဆုံး ရလဒ်တခု ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Yahoo

ကွန်တီက – “ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာတော့ နှစ်သင်းစလုံးက ခြေရည်တူပါပဲ။ ဒါပေမယ့် အရိုးသားဆုံး ပြောရရင်တော့ ဒုတိယပိုင်းမှာ ကျွန်တော်တို့က အနိုင် ၃မှတ်ကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးတွေ ရခဲ့သလို ပွဲကိုလည်း အနိုင်ရလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့က ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် ပွဲအပြီးမှာတော့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲရဲ့ နောက်ဆုံးမိနစ်တွေမှာ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့သင့်တယ် ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့က တန်ပြန်တိုက်စစ် ကနေ တဆင့် တဦးချင်း ကန်သွင်းခွင့် ပေးခဲ့ရပြီး ဟူဂိုက (လိုရစ်) သူတို့ရဲ့ ကန်ချက်ကို အကောင်းဆုံး တားဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်မှာ ကျွန်တော်တို့က ထောင့်ကန်ဘော ကနေ တဆင့် ဂိုးပေးလိုက်ရပါတယ်။ ကျွန်တော်က ကစားသမားတွေကို အသေးစိတ် အာရုံစိုက် ပြင်ဆင်ကြဖို့ အမြဲတမ်း ပြောလေ့ ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က အဲ့ဒါမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က နိုင်ပွဲနဲ့ မထိုက်တန်တာ မှန်နိုင်ပေမယ့် ရှုံးနိမ့်ဖို့လည်း မထိုက်တန်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။