ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ သူ့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူထားနိုင်သလို ရလဒ်ကောင်းတွေလည်း ရရှိထားပေမယ့် ထိပ်သီးအသင်းတွေကို မယှဉ်နိုင်သေးကြောင်း ယမန်နေ့မှာ ကစားခဲ့တဲ့ စပါး ၂-၁ ဖူလ်ဟမ် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ဧည့်ခံ ကစားခဲ့ရာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဟော့ချ်ဘက် ၊ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့်ပဲ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၆) အပြီးမှာ နိုင်ပွဲ ၄ပွဲ ၊ သရေပွဲ ၂ပွဲနဲ့ ရမှတ် ၁၄မှတ် အထိ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Independent

စပါးက ယခုနှစ် ဘောလုံးရာသီမှာ ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ယခု နွေဈေးကွက် အတွင်းမှာ ရစ်ချာလီဆန် ၊ ပါရီဆစ် ၊ ဘစ်ဆူးမား ၊ လန်းလက်ဂ်တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားနိုင်တာကြောင့် ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့်အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် ကွန်တီကတော့ သူတို့အသင်းဟာ တည်ဆောက်ဆဲ အသင်းတသင်းသာ ဖြစ်ပြီး ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးကြောင်းနဲ့ ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ ဆက်လက် တိုးတက်ရန် လိုအပ်သေးကြောင်း ထုတ်ဖော် ပြောကြားသွားပါတယ်။

Photo Credit: Independent

ကွန်တီက – “အသင်းနဲ့ ပတ်သတ်ပြီး စိတ်အားတက်ကြွမှုတွေ ၊ စိတ်အားထက်သန်မှုတွေ ရှိနေဖို့ အရေးကြီးပါတယ်။ တချိန်ထဲမှာပဲ ကျွန်တော်တို့က ပကတိ အခြေအနေကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာဆိုရင် ကျွန်တော်တို့က ၃ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့က ကိုယ့်ရဲ့ အခြေအနေကို နားလည်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။ ၁၀လအတွင်းမှာ ကျွန်တော်တို့က တခြား ထိပ်သီးအသင်းတွေကို ယှဉ်နိုင်နေပြီလား? ကျွန်တော်ကတော့ အဲ့ဒီလို ပြောဆိုမှုတွေဟာ ပကတိ အရှိတရား မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။