အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ အန်တိုနီယိုကွန်တီ စပါးအသင်းကို မကိုင်တွယ်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်ခဲ့သေးသလို ကွန်တီ ဘောလုံးသမားတစ်ယောက်အဖြစ် ကျင်လည်ခဲ့စဉ်တုန်းကလည်း ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူသွားဖို့ ဆန္ဒရှိခဲ့တယ်လို့ ကွန်တီကိုယ်တိုင် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ချယ်လ်ဆီး အင်တာ ဂျုဗီအသင်းတွေရဲ့ နည်းပြဟောင်း ကွန်တီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရန်းဂ်နစ်ကိုပဲ ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့သလို ကွန်တီကလည်း စပါးအသင်းဆီကိုသာ ရောက်ရှိသွားခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းက ကွန်တီကို နည်းပြကွန်တီအဖြစ်သာမကပဲ ကွန်တီ ဘောလုံးသမားတစ်ဦးအဖြစ် ကျင်လည်ခဲ့စဉ်တုန်းကပါ အသင်းဆီ ခေါ်ယူသွားဖို့ ဆန္ဒရှိခဲ့ဖူးသေးတယ်လို့ သိရှိရပါတယ်။

 

Photo Credit : Daily Mail

ကွန်တီက “ဟိုးအရင်တုန်းက ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ကို ကျွန်တော် စိတ်ဝင်စားမိခဲ့တယ်။ ဒီ အတွေ့အကြုံကို ရရှိဖို့အတွက်လည်း ကျွန်တော် ကြိုးစားခဲ့သေးတယ်။ ဆာအဲလက်စ်ဖာဂူဆန်ကလည်း ကျွန်တော်ရဲ့ ဘောလုံး ကစားဟန်ကို သဘောကျ နှစ်သက်နေတယ်ဆိုတာကို ကျွန်တော် သတိထားမိတယ်။ အဲ့ဒီအချိန်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းက ကျွန်တော်ကို သူတို့ဆီ ခေါ်ဆောင်ချင်နေတဲ့ အခိုက်အတန့်မျိုး ဆိုတာကိုလည်း ကျွန်တော် သိထားမိတယ်။ ကျွန်တော်ရဲ့ အေးဂျင့်ကပါ အဲ့ဒီလို ပြောဆိုထားတာ ဆိုပေမယ့် ဒါက တကယ့်အမှန်လား လိမ်လည်တာလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးနည်းပြအဖြစ် တာဝန်ယူနေတဲ့ ကွန်တီဟာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ ဥက္ကဌလီဗီတို့က ကွန်တီအတွက် သူအမှန်တကယ် အလိုရှိနေတဲ့ ကစားသမားတွေ မဖြည့်တင်းပေးထားနိုင်တာကြောင့် အခုအချိန်မှာသာ ကွန်တီကို ယူနိုက်တက်ဘက်က ဆက်သွယ်လာမယ်ဆိုရင် ကွန်တီဘက်ကလည်း ဒီဆက်သွယ်မှုကို စဉ်းစားလာနိုင်တယ်လို့ စပါးကစားသမားဟောင်း ဂျင်မီအိုဟားရားက သတိပေး ပြောဆိုသွားခဲ့ပါတယ်။