ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ်ဖြစ်သူ ကွန်တီကတော့ သူဟာ မကြာမီမှာ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူဟာ စပါးမှာပဲ ပျော်ရွှင်နေကြောင်း အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ကွန်တီရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်က ပြီးခဲ့တဲ့ ၂ရာသီဆက်တိုက် အီတလီ စီးရီးအေ ဆုဖလားကို လက်လွှတ်ထားရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့ လက်ရှိနည်းပြ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြဟောင်း ဖြစ်သူ ကွန်တီကို နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Tutto Sports

ကွန်တီက ဂျူဗင်တပ်ကို အီတလီ စီးရီးအေပြိုင်ပွဲမှာ ထိပ်သီးအသင်း တသင်း ပြန်ဖြစ်လာအောင် အုတ်မြစ်ချပေးခဲ့သူ ဖြစ်တာကြောင့် အသင်းအနေနဲ့ ရလဒ်တွေ ပြန်လည် ဆိုးဝါးလာချိန်မှာ ဂျူဗင်တပ်ရဲ့ ဘုတ်အဖွဲ့က ကွန်တီကို နည်းပြအဖြစ် ပြန်လည် ခန့်အပ်ချင်နေပြီး ကွန်တီကလည်း ဂျူဗင်တပ်ဆီ ပြန်သွားဖို့ စိတ်ကူးရှိနေကြောင်း သတင်းသဲ့သဲ့ ထွက်နေခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကွန်တီက သူဟာ စပါးမှာ ပျော်ရွှင်နေကြောင်း ထုတ်ပြောခဲ့သလို သူ့ကို ဂျူဗင်တပ်ရဲ့ အကြောင်းအား မေးမြန်းတာဟာ ဂျူဗင်တပ်ရဲ့ လက်ရှိနည်းပြ အယ်လီဂရီကို မလေးစားရာ ရောက်ကြောင်း သတင်းထောက်တွေကို မာန်မဲသွားခဲ့ပါသေးတယ်။

Photo Credit: Tutto Sports

ဂျူဗင်တပ်နဲ့ သတင်းတွေ အပေါ် ကွန်တီက – “ကျွန်တော်က ဂျူဗင်တပ်နဲ့ ဘာစာချုပ်မှ မချုပ်ထားသလို ဂျူဗင်တပ်ဆီ ပြန်သွားဖို့လည်း မစဉ်းစားထားပါဘူး။ တကယ်လို့ ကလပ်အသင်း တသင်းမှာ နည်းပြတယောက် ရှိနေသေးရင် အဲ့ဒီနည်းပြက အသင်းရဲ့ တာဝန်တွေကို ဆက်လက် တာဝန်ယူသွားရမှာပါ။ တကယ်လို့ သူတို့က အတူတူ အလုပ်မလုပ်ချင်တော့ဘူး ဆိုရင် အဲ့ဒီနည်းပြကို ရာထူးကနေ ထုတ်လိုက်ပါလိမ့်မယ်။ ဒါကမှ တကယ် ပြီးဆုံးတာပါ။ (အယ်လီဂရီရဲ့ သတင်းတွေအား ရည်ရွယ်လျက်) ကျွန်တော့်အတွက် အခုချိန်မှာ အရေးကြီးဆုံး ကျွန်တော်ဟာ စပါးနဲ့အတူ အလုပ်လုပ်ရတာကို ပျော်ရွှင်နေတယ် ဆိုတာပါပဲ။ ကျွန်တော်က ကစားသမားတွေကို သဘောကျသလို ပါရာတစ်စီ ၊ လီဗိုင်းတို့နဲ့ အလုပ် တွဲလုပ်ရတာကလည်း အဆင်ပြေပါတယ်။ ဒါကြောင့် ကျွန်တော်က စပါးမှာ အဆင်ပြေနေတယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော့်အတွက် အခုချိန်မှာ အရေးအကြီးဆုံးက စပါးနဲ့အတူ ရလဒ်ကောင်းတွေ ရယူဖို့ပါ” လို့ ပြောကြားသွားခဲ့တာပါ။