MySport Myanmar

နာပိုလီအသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန် ပယ်ချလိုက်တဲ့ ကွန်တီ

အီတလီလူမျိုး ဝါရင့် ဘောလုံးနည်းပြကြီး အန်တိုနီယို ကွန်တီကတော့ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ နာပိုလီအသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေး ရရှိလာခဲ့ပေမယ့်လည်း ငြင်းဆန် ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။

တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ နည်းပြ ကွန်တီကို နည်းပြအပြောင်းအလဲ လုပ်ဆောင်ချင်နေတဲ့ နာပိုလီက ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် ကွန်တီဘက်ကတော့ စိတ်မဝင်စားကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Onze Mondial

နာပိုလီအသင်းဟာ နည်းပြ စပယ်လက်တီလက်ထက် အသင်းနဲ့ နှစ်ပေါင်း (၃၀)အထိ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့ရပေမယ့်လည်း ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာကြောင့် စပယ်လက်တီ နေရာမှာ ရိုးမား နဲ့ အယ်လ်နာဆာ နည်းပြဟောင်း ရူဒီ ဂါဆီယာနဲ့ ပြန်လည် အစားထိုးခဲ့ရပါတယ်။

ဂါဆီယာလက်ထက်မှာတော့ နာပိုလီအသင်းက ရလဒ်ပိုင်းတွေ မတည်မငြိမ် ဖြစ်နေရပြီး စီးရီးအေမှာလည်း အိမ်ကွင်းချည်းပဲ (၂)ပွဲထိ ရှုံးနိမ့်ထားခဲ့ရသလို (၈)ပွဲကစာထားပြီးချိန် အဆင့် (၅)နေရာထိပါ ရောက်ရှိလို့နေရပါတယ်။

Photo Credit : Eurosport

ဒီလို အခြေအနေမှာ နာပိုလီအသင်းဘက် အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ စီစဉ်လျက် ရှိနေပြီး ဂျုဗင်တပ်စ် နဲ့ အင်တာမီလန်တို့လို စီးရီးအေ ထိပ်သီးအသင်းတွေမှာရော အီတလီ လက်ရွေးစင်အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ ကွန်တီကို ချိန်ရွယ်လာခဲ့ပါတယ်။

ဒါပေမယ့် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ နည်းပြကွန်တီဟာ နာပိုလီရဲ့ ဆက်သွယ်မှုအပေါ် စိတ်ဝင်စားခြင်း မရှိပဲ တခြားသော ကလပ်အသင်းတွေကို ကိုင်တွယ်ဖို့ အခွင့်အရေးတွေ ရလာမှာကိုသာ ဆက်လက် စောင့်ဆိုင်းလျက် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version