ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီ ကတော့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်အတွက် ကျေနပ်မိကြောင်းနဲ့ ချယ်လ်ဆီးအသင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ပဲ လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အီတလီလူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ ကွန်တီဟာ ချယ်လ်ဆီးအသင်းကို ၂ရာသီကြာအောင် ကိုင်တွယ်ခဲ့သူ တဦး ဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ ပရီးမီးယားလိဂ် ဆုဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်တို့ကို ရယူ ဆွတ်ခူးနိုင်ခဲ့သူပါ။

Photo Credit: Euro Sports

လက်ရှိအချိန်မှာတော့ ကွန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကို ကိုင်တွယ်နေပြီး စပါးအသင်းကို ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်အောင် ဦးဆောင်ပေးခဲ့သလို သူ့ရဲ့ လက်အောက်မှာ စပါးအသင်းရဲ့ ခြေစွမ်းပိုင်းကလည်း တိုးတက်လာခဲ့ပါတယ်။

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့် ဖြစ်တာကြောင့် စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ပထမအကျော့ကို ဇန်နဝါရီလ ၆ရက်နေ့မှာ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားရမှာ ဖြစ်သလို ဒုတိယအကျော့ကိုတော့ ဇန်နဝါရီလ ၁၃ရက်နေ့မှာ စပါးအသင်းရဲ့ အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားရမှာပါ။

Photo Credit: Euro Sports

စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ အသင်းဟောင်း ချယ်လ်ဆီးနဲ့ ထိပ်တိုက် တွေ့ဆုံနေတာက သူ့အတွက် ကောင်းမွန်တဲ့ အရာတခု ဖြစ်ကြောင်းနဲ့ သူဟာ စပါးအသင်းကို ဦးဆောင်ပြီး ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ပြောပြသွားခဲ့ပါတယ်။

ကွန်တီက – “ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်က ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ပွဲတပွဲ ဆိုတာ အသေအချာပါပဲ။ ကျွန်တော်က ချယ်လ်ဆီးအသင်းနဲ့ အတူ အရမ်းကောင်းတဲ့ ဘောလုံးရာသီ နှစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ပြီးတော့ ချယ်လ်ဆီးအသင်းနဲ့ အတူ ရှိခဲ့ရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်က စပါးအသင်းရဲ့ နည်းပြ ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်က ဒီအသင်း အတွက် အရာအားလုံး ပေးဆပ်သွားမှာပါ။ အင်္ဂလန်လိုမျိုး ဆုဖလား တလုံး ရယူနိုင်ဖို့ အရမ်းကို ခက်ခဲတဲ့ နိုင်ငံတခုမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ပြီဆိုရင် အာဆင်နယ် ၊ လီဗာပူး ၊ ချယ်လ်ဆီးတို့ထဲက တသင်းနဲ့ တွေ့ဆုံတာက ပုံမှန်အရာတခုပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။