ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၃-၀ နောဝှစ်ချ်ပွဲစဉ် အပြီးမှာပဲ သူဟာ စပါးအသင်းကို အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင်ပေးပါ့မယ်လို့ ပရိသတ်တွေကို ကတိပြု ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) အဖြစ် စပါးအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ စပါးအသင်းဟာ တန်းမဆင်းရရေး အတွက် ရုန်းကန်နေတဲ့ နောဝှစ်ချ်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ လူးကပ်မော်ရာ ၊ ဆွန်ဟောင်မင်တို့ရဲ့ ထူးရှယ် ခြေစွမ်းတွေနဲ့ အတူ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Flipboard

အဆိုပါနိုင်ပွဲကြောင့်ပဲ စပါးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာ အထိကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့်၄နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ရမှတ် ၂မှတ်သာ ကွာဟတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းလို့ရတဲ့ အနေအထားကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

နောဝှစ်ချ်အသင်းကို ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီက သူဟာ သူ့ကို တခဲနက် အားပေးတဲ့ ပရိသတ်တွေ အတွက် စပါးအသင်းကို အောင်မြင်မှု လမ်းကြောင်းဆီ ပို့ဆောင်ပေးဖို့ တာဝန်ရှိကြောင်းနဲ့ အောင်မြင်မှုတွေ ရရှိအောင် ကြိုးစားပေးပါ့မယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Flipboard

ကွန်တီက – “ပထမဦးဆုံးနဲ့ အရိုးသားဆုံး ပြောချင်တာ တခုကတော့ ကျွန်တော့်ရဲ့ နာမည်ကို သီချင်းလုပ်ပြီး သီဆိုခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အခုလို ဂုဏ်ပြုခဲ့ကြတဲ့ အတွက် အရမ်းကို ပျော်ရွှင် ကျေနပ်မိပါတယ်။ အခြားတဖက်မှာတော့ ကျွန်တော်က ပရိသတ်တွေ ပျော်ရွှင်အောင် ပြန်လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ခံစားလာရပါတယ်။ ကျွန်တော်ကတော့ ပရိသတ်တွေဟာ ကျွန်တော့်ရဲ့ လုပ်ပုံကိုင်ပုံကို သဘောကျတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဒီအသင်းဆီ အခုမှ ရောက်လာခဲ့တာကိုး။ ဒီအသင်းဆီ ရောက်ပြီး တလအကြာမှာပဲ ပရိသတ်တွေက ကျွန်တော့်ရဲ့ နာမည်ကို သီချင်းလုပ်ပြီး ဆိုနေကြပြီ ဆိုတော့ ကျွန်တော်ကလည်း သူတို့ရဲ့ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ လိုအပ်ပါပြီ။ ပြောဖို့ စောနေသေးတယ် ဆိုပေမယ့် အနာဂတ်မှာ ကျွန်တော်က ပရိသတ်တွေရဲ့ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ကြောင်းကို အလုပ်နဲ့ သက်သေပြသွားပါ့မယ်။ ဒီအသင်းကိုလည်း အများကြီး တိုးတက်လာအောင် စွမ်းဆောင်ပေးပါ့မယ်” လို့ ကတိစကား ပြောကြားခဲ့တာပါ။