MySport Myanmar

မန်ယူက ရာသီကုန်မှာ အဆင့် ဘယ်လောက် ရမလဲ ဆိုတာ ခန့်မှန်းပြခဲ့တဲ့ ကွန်တီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြချုပ် ဖြစ်သူ ကွန်တီက မကြာသေးမီကမှ ကာရာဘောင်း ချန်ပီယံ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နေရာကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကွန်တီရဲ့ စပါးတို့က လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နဲ့ အဆင့်(၄)နေရာတွေကို အသီးသီး သိမ်းပိုက်ထားတဲ့ အသင်းတွေ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က စပါးထက် ရမှတ် ၂မှတ်သာ အသာရနေပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ပွဲကျန် တပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် စပါးကို ရမှတ် ၅မှတ် အထိ ဖြတ်တောက်ထားနိုင်မယ့် အခွင့်အရေးမျိုးကို ပိုင်ဆိုင်ထားပြီး စပါးကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် လာမယ့်ပွဲတွေမှာ တတ်နိုင်သလောက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်။

လက်ရှိမှာ စပါးက အဆင့်(၄)နေရာကို သိမ်းပိုက်ထားနိုင်ပေမယ့် အဆင့်(၅)နေရာမှာ ရှိနေတဲ့ နယူးကာဆယ်က စပါးထက် ၂ပွဲ လျော့ထားချိန်မှာ စပါးနဲ့ ရမှတ် ၄မှတ်သာ ကွာဟနေတာကြောင့် စပါးက ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်(၄)နေရာကို ရရှိဖို့ မသေချာသေးပါဘူး။

Photo Credit: Team Talk

ဒါကြောင့်ပဲ ကွန်တီက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အာဆင်နယ် ၊ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကျိန်းသေပေါက် ရသွားတဲ့ အသင်းတွေ ဖြစ်ပြီး သူတို့အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မသေချာသေးကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

ကွန်တီက – “ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်ရတာဟာ အရမ်းကို ခက်ခဲပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ အတွက် ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်တွေက အသင်းကောင်းတွေချည်းပါပဲ။ အခုချိန်မှာ အသင်းတွေ အများကြီးက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေကြပြီး မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် နှစ်သင်းကတော့ အမှတ်ပေးချန်ပီယံဆုကို ယှဉ်လုနေတဲ့ အဆင့်ကို ရောက်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း ရလဒ်ကောင်းတွေ တောက်လျှောက် ရနေတာကြောင့် သူတို့နှစ်သင်းရဲ့ အနောက်ကို ရောက်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာပဲ ကျန်ပါတော့တယ်။ အဲ့ဒီ တနေရာစာ အတွက် ကျွန်တော်တို့က အသင်းတွေ အများကြီးနဲ့ ယှဉ်ပြိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version