ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီ ကတော့ မနက်ဖြန် တနင်္ဂနွေနေ့မှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချီးကျူးသွားခဲ့ပါတယ်။

အသင်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များပြားနေတာကြောင့် ပွဲစဉ်တချို့ကို ရွှေ့ဆိုင်းထားရတဲ့ စပါးအသင်းဟာ မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အဖြစ် လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Sports Max

စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၄ပွဲသာ ကစားထားရသေးချိန်မှာ အဆင့်၄နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ် ၄မှတ်သာ ကွာဟတာကြောင့် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ်ကောင်း ရယူနိုင်ခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄အတွင်း ဝင်ခွင့်ရဖို့ အခွင့်အလမ်း များပြားသွားမှာပါ။

ဒါကြောင့်ပဲ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ စပါးအသင်းရဲ့ ရေကုန်ရေခမ်း ကစားဟန်ကို မြင်တွေ့ရနိုင်ပြီး စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မတိုင်မီမှာပဲ လီဗာပူး တိုက်စစ်မှူး ဆာလာက ကမ္ဘာ့အဆင့် တိုက်စစ်မှူးတဦး ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit: Sports Max

ကွန်တီက – “ကျွန်တော်ကတော့ ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးလို့ ထင်ပါတယ်။ သူက ဂိုးသွင်းနိုင်သလို ဂိုးဖန်တီးနိုင်စွမ်းလည်း မြင့်မားပါတယ်။ ဒါကြောင့် သူက ပွဲတပွဲရဲ့ ရလဒ်ပိုင်းကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားလို့ ပြောရင်လည်း မမှားပါဘူး။ သူ့ဆီမှာ ဘောလုံး ရှိနေတိုင်း သူက ပြိုင်ဘက်အသင်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမား တဦးပါ။ သူက အရမ်းကို တိုးတက်လာခဲ့ပါတယ်။ သူ အီတလီမြေမှာ ခြေစွမ်းပြခဲ့ဖူးတဲ့ အချိန်တွေကိုတောင် မှတ်မိနေပါသေးတယ်” လို့ ပြောလိုက်တာပါ။