ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတာက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကြောင့်သာ ဖြစ်ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ ဟက်ထရစ်နဲ့အတူ စပါးကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ စပါးကို ရမှတ် ၃မှတ် ဖြတ်တောက်နိုင်ခဲ့ပါတယ်။

Photo Credit: Foot The Ball

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့သလို ဧည့်သည် စပါးကတောင် မန်ချက်စတာ ယူနိုက်တက်ထက် ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပွဲရဲ့ အဖြေကို အပြောင်းအလဲ ဖြစ်စေခဲ့ကာ မန်ချက်စတာ ယူနိုက်တက် ရရှိခဲ့တဲ့ သွင်းဂိုး ၃ဂိုးစလုံးကိုလည်း သူတဦးထဲကသာ သွင်းယူပေးခဲ့တာပါ။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေပေမယ့် ယခုလိုမျိုး ပွဲကြီးပွဲကောင်း တပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အတွက် ရိုနယ်ဒိုကို ချီးကျူးသံတွေ သောသောညံနေပြီး စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကလည်း ရိုနယ်ဒိုကြောင့်သာ မဟုတ်ရင် သူတို့က မန်ချက်စတာ ယူနိုက်တက်ကို မရှုံးနိုင်ဘူးလို့ ပြောကြားရင်း ရိုနယ်ဒိုကို ချီးကျူးခဲ့ပါသေးတယ်။

Photo Credit: Foot The Ball

ကွန်တီက – “ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမား တယောက်ရဲ့ အကြောင်းကို ပြောနေကြတာပါ။ ရိုနယ်ဒိုနဲ့ မက်ဆီတို့က ခေတ်တခေတ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အရှေ့မှာတော့ ပီလီနဲ့ မာရာဒိုနာပေါ့။ သူတို့လိုမျိုး ကစားသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အချိန်တိုင်း ပြင်ဆင်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ပွဲရဲ့ အဖြေကို ပြောင်းလဲနိုင်စွမ်း ရှိကြလို့ပါပဲ။ ကျွန်တော်ကတော့ ဒီညမှာ မန်ချက်စတာ ယူနိုက်တက်ဘက်ကသာ ရိုနယ်ဒို မပါခဲ့ရင် သူတို့တွေ ရလဒ်ကောင်း ရမယ် မထင်ပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။