ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပင်နယ်တီသွင်းဂိုး မပါဝင်ပဲ ရယူနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ တော်သလောက် မကျော်တဲ့ ကစားသမားလို့ အမွှန်းတင် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ဆွန်ဟောင်မင်က လေဗာကူဆင်ကနေ စပါးထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်တဲ့ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်ပြီး သူက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်လည်း ဖြစ်ပါတယ်။

Photo Credit: Football London

ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပါးအတွက် ပြိုင်ပွဲစုံမှာ ၂၄ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကိုတောင် ပင်နယ်တီ သွင်းဂိုးတွေ မပါဝင်ပဲ ရယူနိုင်ခဲ့ပေမယ့် အာရှသား တဦး ဖြစ်နေတာကြောင့် သူနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ မရခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် စကာတင် စာရင်းထဲတောင် မပါဝင်ခဲ့သလို တနှစ်တာ အကောင်းဆုံးအသင်းမှာလည်း ရွေးချယ်ခံရခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ ဘောလုံးပရိသတ် အများစုက ဆွန်ဟောင်မင်ဟာ အာရှသား တဦး ဖြစ်တာကြောင့် တကိုယ်တော်ဆုတွေ အတွက် စကာတင် စာရင်းထဲမှာ မပါဝင်ခဲ့တာလားလို့ မေးခွန်းထုတ်နေကြပြီး စပါးနည်းပြ ကွန်တီကလည်း ဆွန်ဟောင်မင်ဟာ တော်သလောက် မကျော်တဲ့ ကစားသမား တဦး ဖြစ်ကာ ဆွန်ဟောင်မင်က ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းမှာမဆို ကစားနိုင်စွမ်း ရှိတဲ့ ကမ္ဘာ့အဆင့် ကစားသမားလို့လည်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Football London

ကွန်တီက – “ကျွန်တော်က ဆွန်ဟောင်မင်နဲ့ ပတ်သတ်ရင် ကောင်းတဲ့အချက်တွေပဲ ပြောစရာ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ကမ္ဘာ့အဆင့် ကစားသမား တယောက်ရဲ့ အကြောင်းကို ပြောနေရလို့ပါ။ ဆွန်ဟောင်မင်က အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်ပြီး လူတွေရဲ့ အမြင်တွေကြောင့် တော်သလောက် မကျော်တဲ့ ကစားသမားလို့ပဲ မြင်ပါတယ်။ ကျွန်တော်ကတော့ ဆွန်ဟောင်မင်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းမှာမဆို ကစားနိုင်စွမ်း ရှိတယ်လို့ သုံးသပ်မိပါတယ်” ဆိုပြီး ချီးကျူးစကား ပြောကြားခဲ့တာပါ။