ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆)မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မန်ချက်စတာ စီးတီးနည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံး နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ စပါးတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆) အဖြစ် ယခုည ၁၂နာရီ အချိန်မှာ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်က ယခုတပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးဟာ သူတို့ရဲ့ လိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အတွက် ရမှတ်တွေ ခပ်များများ စုဆောင်းနိုင်ဖို့ လိုအပ်နေသလို စပါးကလည်း ဥရောပဝင်ခွင့် ရဖို့ အတွက် ဒီပွဲမှာ အနိမ့်ဆုံး သရေတမှတ် ရရှိအောင် ကစားဖို့ လိုအပ်နေကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်နေပါတယ်။

စပါးနည်းပြဖြစ်သူ အန်တိုနီယို ကွန်တီကတော့ မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မန်ချက်စတာ စီးတီး ပဲ့ကိုင်ရှင် ပပ် ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံး နည်းပြတဦး ဖြစ်ကြောင်းနဲ့ မန်ချက်စတာ စီးတီးက သူတို့အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး ဖိအားပေး ကစားလာမှာကို သိရှိထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံး နည်းပြဖြစ်ကြောင်းကို ကွန်တီက – “ဒီပွဲမှာ မန်ချက်စတာ စီးတီးက မိနစ် ၇၀ ဒါမှမဟုတ် ၇၅မိနစ်လောက် ကျွန်တော်တို့ထက် ပိုပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရမှာကို ကျွန်တော်တို့တွေ သိထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့တွေက သူတို့ကို တနည်းနည်းနဲ့ ဒုက္ခပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြလို့ မြင်ပါတယ်။ ဒါကိုလည်း သူက အကြိမ်ကြိမ် အခါခါ သက်သေပြထားပြီးသားပါ။ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီး ဘယ်နေရာမှာပဲဖြစ်ဖြစ် အသင်းဘက်ကသာ သူ့အပေါ် ယုံကြည်မှုအပြည့် ရှိပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးရင် သူက ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေကို ပြန်ပေးနိုင်ခဲ့ပါတယ်” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။