ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယနေ့ည အစောပိုင်းမှာပဲ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲမှာ အသင်းရဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ ပွဲထွက်လူစာရင်း ကနေ ပါဝင်လာမယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

စပါးနဲ့ အာဆင်နယ်တို့ နှစ်သင်းစလုံးက ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ရရှိထားတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက်ရော ၊ ချန်ပီယံဆု အတွက်ပါ အခွင့်အလမ်းကောင်းတွေ ရရှိဖို့ ရှိနေတာကြောင့် နှစ်သင်းစလုံးဟာ အတောင့်တင်းဆုံး လူစာရင်းတွေကို ထုတ်သုံးလာမှာ အသေအချာပါပဲ။

Photo Credit: Team Talk

အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေတာကြောင့် စပါးက ဒီပွဲအတွက် အသေအချာ ပြင်ဆင်ဖို့ လိုအပ်နေပြီး စပါးရဲ့ တိုက်စစ်ပိုင်းမှာ အရေးပါတဲ့ ကူလူဆက်စကီးဟာ ဒဏ်ရာရနေတာကြောင့် စပါးနည်းပြ ကွန်တီက အာဆင်နယ်နဲ့ပွဲမှာ ဟယ်ရီကိန်း ၊ ရစ်ချာလီဆန်နဲ့ ဆွန်ဟောင်မင်တို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကိုသာ အသုံးပြုရဖို့ ရှိနေပါတယ်။

စပါးနည်းပြ ကွန်တီကလည်း သူဟာ ရစ်ချာလီဆန်ကို လန်ဒန်ဒါဘီမှာ ထုတ်သုံးသွားဖို့ ရှိနေကြောင်းကို ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြောသွားခဲ့ပြီး ရစ်ချာလီဆန်ဟာ အကြောက်အလန့် ကင်းတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် လန်ဒန်ဒါဘီမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

လန်ဒန်ဒါဘီမှာ ရစ်ချာလီဆန်ကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြုမယ့် အကြောင်းအား ကွန်တီက – “ရစ်ချာလီဆန်က အကြောက်အလန့် ကင်းတဲ့ ကောင်လေး တယောက်ပါ။ သူက လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ခြေစွမ်းပြနေသလို အသင်းအတွက် ပေးဆပ် ကစားတတ်တဲ့ ကောင်လေး တယောက်လည်း ဖြစ်ပါတယ်။ ပြီးတော့ သူက ဘာကိုမှ အကြောက်အလန့် မရှိပါဘူး။ သူက ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ ပြီးတော့ ပြိုင်ဘက် ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေ ၊ ဆူညံသံတွေ အဲ့ဒါတွေကိုလည်း မကြောက်တတ်ပါဘူး။ သူက တကယ်ကို ကြံ့ခိုင်တဲ့ ကစားသမားမျိုးပါ။ ဒါကြောင့် ကွင်းထဲမှာဆိုရင် သူနဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင် ကစားဖို့ ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ဘာကိုမှ မကြောက်တတ်လို့လေ” ဆိုပြီး ရှင်းလင်း ပြောကြားသွားခဲ့တာပါ။