ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်ကို အိမ်ကွင်းမှာပဲ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် အသင်းရဲ့ ပရိသတ်တွေဟာ သူတို့အသင်းအပေါ် စိတ်ရှည် သည်းခံပေးကြဖို့ တောင်းဆိုသွားခဲ့ပါတယ်။

စပါးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ရစ်ချာလီဆန် ၊ ဘစ်ဆူးမား ၊ ဖော်စတာ ၊ လန်းလက်ဂ် ၊ စပန့်စ် ၊ ပါရီဆစ် စတဲ့ အရည်အသွေးမြင့် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့သလို ရာသီအဖွင့်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ခဲ့တာကြောင့် စပါးပရိသတ်တွေက သူတို့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ယူဆထားကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် ကွန်တီရဲ့ စပါးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့ပြီး ၃ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ ခါးသီးပြိုင်ဘက် အာဆင်နယ်နဲ့ ရမှတ် ကွာဟမှု ကြီးမားသွားခဲ့ပြီး စပါးပရိသတ်တွေက အသင်းရဲ့ ရလဒ်တွေ ဆိုးဝါးလာမှုကြောင့် ယမန်နေ့မှာ ကစားခဲ့တဲ့ စပါး ၁-၂ နယူးကာဆယ် ပွဲစဉ်အတွင်းမှာပဲ အသင်းရဲ့ ကစားသမားတွေကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စပါး ၁-၂ နယူးကာဆယ် ပွဲစဉ်မှာတော့ စပါးဟာ အိမ်ရှင်အသင်း အဖြစ် ကစားခဲ့ရပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နယူးကာဆယ်ရဲ့ ၂ဂိုးပြတ် ဦးဆောင်မှုကိုပါ ခံခဲ့ရကာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုး တဂိုးကြောင့်သာ အိမ်ကွင်းမှာ အရှက်တကွဲနဲ့ မရှုံးနိမ့်ခဲ့တာပါ။ အဆိုပါပွဲမှာ နယူးကာဆယ် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၃၁မိနစ်မှာ အဓိက တိုက်စစ်မှူး ဝီလ်ဆန်နဲ့ ပွဲချိန် ၄၀မိနစ်မှာ တောင်ပံ ကစားသမား အယ်မီရွန်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး စပါးအတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၅၄မိနစ်မှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

စပါး ၁-၂ နယူးကာဆယ် ပွဲစဉ်အပြီးမှာတော့ ကွန်တီက သူတို့အသင်းဟာ ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် အခုလိုမျိုး ရလဒ်တွေ ဆိုးဝါးနေတာပါလို့ အကြောင်းပြချက် ပေးသွားခဲ့သလို သူတို့အသင်းဟာ အခုမှ ပြန်လည် တည်ဆောက်ဆဲ ကာလမှာသာ ရှိနေသေးတာကြောင့် စပါးပရိသတ်တွေအနေနဲ့ သူတို့အသင်း အပေါ် စိတ်ရှည်ပေးဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကွန်တီက – “ပရိသတ်တွေက ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းမှာ အတတ်နိုင်ဆုံး ကြိုးစား ကစားနေတာကို နားလည်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အမြဲတမ်း အသင်းအတွက် ပေးဆပ်မှု အပြည့်နဲ့ ကစားနေကြတာပါ။ အခုချိန်မှာ ကျွန်တော်တို့က ကစားသမား ၃ ၊ ၄ယောက်လောက်ကို လက်လွှတ်ထားရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီလို အခြေအနေဆိုးကို ဖြတ်ကျော်နိုင်ဖို့ အတွက် အတူတူ ရှိနေရပါမယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းက ဒဏ်ရာရ ကစားသမား ၄ယောက်ကြောင့် အတော်ကို အင်အားနည်းသွားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က ရာသီစတဲ့ အချိန်မှာထဲက ကျွန်တော်တို့ရဲ့ လူစာရင်းဟာ မလုံလောက်သေးဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ရတာပါ။ ကျွန်တော်တို့က တိုးတက်မှုတွေ ရှိလာအောင် တဆင့်ခြင်း ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေကလည်း ကျွန်တော်တို့ကို စိတ်ရှည်သည်းခံပေးဖို့ လိုပါတယ်။ ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းတခုပေါ်မှာ ရှိနေတယ် ဆိုတာကို နားလည်ပေးကြပါ” လို့ ပြောကြားသွားခဲ့တာပါ။