ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)မှာ ဘရိုက်တန်ကို အနိုင်ရခဲ့ပြီးနောက် သူတို့ရဲ့နိုင်ပွဲဟာ မကြာသေးမီကမှ ကွယ်လွန်သွားတဲ့ နည်းပြကြီး ဗန်ထရိုနီအတွက် နှုတ်ဆက်လက်ဆောင် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် ခြေစွမ်းကောင်းတွေ ရထားတဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အဖိုးတန် နိုင်ပွဲ တပွဲကို ရရှိခဲ့ပြီး အဆိုပါ နိုင်ပွဲကြောင့်ပဲ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အပြီးမှာပဲ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၃မှတ်သာ ကွာဟနေလျက် ရှိပါတယ်။

Photo Credit: Standard

တဖက်မှာတော့ အသက် ၆၂နှစ် အရွယ် စပါးရဲ့ ကြံ့ခိုင်ရေးနည်းပြ ဗန်ထရိုနီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရောဂါမယ်မယ်ရရ မရှိပဲ ရုတ်တရတ် သေဆုံးသွားခဲ့တာ ဖြစ်ပြီး ဘရိုက်တန် ၀-၁ စပါးတို့ ပွဲစဉ်မှာလည်း နှစ်သင်းစလုံးက ဗန်ထရိုနီရဲ့ ကွယ်လွန်မှု အတွက် ဝမ်းနည်းကြောင်း အသီးသီး ပြသသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ စပါးနည်းပြဖြစ်သူ ကွန်တီက ဗန်ထရိုနီဟာ သူ့အတွက် အရမ်းအရေးပါတဲ့ လူပုဂ္ဂိုလ် တဦး ဖြစ်တာကြောင့် ဗန်ထရိုနီ ကွယ်လွန်သွားမှုအပေါ် အတော်လေး စိတ်ထိခိုက်မိကြောင်းနဲ့ ဘရိုက်တန်ကို နိုင်ခဲ့တဲ့ နိုင်ပွဲဟာ ဗန်ထရိုနီ အတွက် သူတို့အသင်းရဲ့ နှုတ်ဆက်လက်ဆောင် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ကွန်တီက – “ဒီအချိန်မှာ ပီယိုအတွက် (ဗန်ထရိုနီ) နှုတ်ဆက်စကားလုံး ရှာဖွေဖို့ အင်မတန်ကို ခက်နေပါတယ်။ ကျွန်တော်တို့က ဗန်ထရိုနီ ကွယ်လွန်သွားမှု အတွက် အတော်လေးကို ကြေကွဲ ဝမ်းနည်းနေရပါတယ်။ ပြီးတော့ ဘယ်သူကမှ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ဘဝဆိုတာ ကောင်းတဲ့ အရာတွေချည်းပဲ ရလာတတ်တာမှ မဟုတ်ပဲ။ တခါတလေတော့ အဆိုးလေးတွေ ရှိတတ်တာကို ကျွန်တော်တို့တွေ သိကြပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က အတတ်နိုင်ဆုံး သန်မာအောင် ကြိုးစားခဲ့ပါတယ်။ ပီယိုကလည်း ကျွန်တော်တို့တွေ သန်သန်မာမာနဲ့ ဘောလုံး ဆက်ကန်နေတာကို မြင်ချင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့က သူ သင်ပေးခဲ့တဲ့ နည်းလမ်းတွေ အတိုင်း ဆက်လက် အားထုတ်ကြိုးစားခဲ့ပါတယ်။ ကျွန်တော်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပီယိုနဲ့ နောက်ဆုံး စကားပြောဖြစ်ခဲ့ပါတယ်။ သူက ဖျားနေတာကြောင့် အိမ်မှာပဲ နေချင်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူက လေ့ကျင့်ရေးကွင်းကို မလာနိုင်ခဲ့လို့ စိတ်ပူနေခဲ့ပါတယ်။ သူက အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ နည်းပြကြီး တယောက်ပါ။ ကျွန်တော်ကတော့ ပီယို အခုချိန်မှာ အရေးအကြီးဆုံးက ခင်ဗျားရဲ့ ကျန်းမာရေးပဲလို့တောင် ပြန်ပြောဖြစ်ခဲ့ပါသေးတယ်။ သူက ကျွန်တော်တို့ ကစားသမားတွေ အားလုံးရဲ့ ရင်ထဲမှာ အမြဲတမ်း ရှိနေမယ့်သူပါ။ ဒီနိုင်ပွဲက သူ့အတွက်ပါ” လို့ ပြောကြားသွားခဲ့တာပါ။