ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလား ပြန်လည် ရရှိအောင် ဦးဆောင်ပေးပြီးနောက် အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ စိတ်သဘောထား မတိုက်ဆိုင်တာကြောင့် အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲထားတဲ့ အီတလီ နာမည်ကြီး နည်းပြ ကွန်တီဟာ သူ ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး လေးသင်းစာရင်းဝင် အသင်းတသင်း ဖြစ်သလို ရိုနယ်ဒို ၊ ဆန်ချို ၊ ဘရူနို ဖာနန်ဒက် ၊ ပေါ့ဘာ ၊ မက်ဂွိုင်းယား ၊ ဗာရန်း ၊ ဒီဂီယာ စတဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အားနည်းမှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုးတက်သင့်သလောက် မတိုးတက်ပဲ ဖြစ်နေကာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းကို အရေးနိမ့်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပြည်တွင်းရလဒ်တွေ ကောင်းမွန်လာပေမယ့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရလဒ်တွေ ဆိုးဝါးနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၃ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့ ဂလေဇာမိသားစုက ဆိုးလ်ရှားကို ယခုနှစ် ဘောလုံးရာသီ တရာသီသာ စောင့်ကြည့်ကာ အချိန်ပေးသွားဖို့ ရှိနေပြီး အကယ်၍ ယခုနှစ်မှာလည်း ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရရင် ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း အမေရိကန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ကွန်တီ ၊ ဇီဒန်းတို့လို ထိပ်တန်းနည်းပြတွေဟာ အသင်းလက်မဲ့တွေ ဖြစ်နေပြီး နာမည်ကျော် အီတလီ သတင်းထောက် ဒီမာဇီယိုကတော့ ကွန်တီဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

ဒီမာဇီယိုက – “ကွန်တီက ဆုဖလားတွေ ရယူနိုင်မယ့် အသင်းကိုသာ ကိုင်တွယ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ကွန်တီက စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သလို အာဆင်နယ်အသင်းကိုလည်း ပြောင်းဖို့ စိတ်ကူးမရှိပါဘူး။ သူက မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ကမ်းလှမ်းမှု ရလာရင်တော့ လက်ခံဖို့ အဆင်သင့် ဖြစ်နေပါတယ်” လို့ ပြောကြားခဲ့တာပါ။