တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ အန်တိုနီယိိုကွန်တီက သူ့အသင်းရဲ့ ကစားသမား ဟာရီကိန်းနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေကို ပြုလုပ်နေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ဂျူလီယန်နာဂယ်စမန်းရဲ့ လုပ်ရပ်က တစ်ဖက်အသင်းနဲ့ ကစားသမားအပေါ်မှာ လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ပိုလန်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းဆီ ရောင်းထုတ်ခဲ့ရတဲ့ ဘိုင်ယန်ဟာ လီဝန်ဒေါစကီး နေရာမှာ အစားထိုးဖို့အတွက် စပါးတိုက်စစ်မှူး ဟာရီကိန်းကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဘိုင်ယန်နည်းပြ နဂယ်စမန်းကိုယ်တိုင်က ကိန်းကို စိတ်ဝင်စားနေပြီး ကိန်းက အရမ်းကို တန်ကြေး မြင့်မားလွန်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း သူတို့အသင်းအနေနဲ့ ကိန်းရဲ့လက်ရှိတန်ကြေးအတိုင်း ကမ်းလှမ်းသွားဖို့က ခက်ခဲနေကြောင်းနဲ့ လာမယ့် အနာဂတ်မှာတော့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရဦးမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒီလို ပြောဆိုလာမှုတွေကို စပါးနည်းပြ ကွန်တီက သဘောမကျခဲ့ပဲ ချက်ချင်းဆိုသလို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ကွန်တီက “ကျွန်တော် ဘယ်တုန်းကမှ တခြားအသင်းရဲ့ ကစားသမားတွေ အကြောင်းကို ပြောဆိုခဲ့တာမျိုး မလုပ်ခဲ့ဖူးဘူး။ ဒါပေမယ့် နာဂယ်စမန်းက ဘာကြောင့် ဒီလိုမျိုး လုပ်ဆောင်ခဲ့ရသလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး။ ဒါက နည်းနည်းလောက်တော့ လေးစားမှု ကင်းမဲ့နေသလိုပါပဲ။ ကိန်းရဲ့အခြေအနေက ရှင်းပါတယ်။ သူက တော့တင်ဟမ်မှာပဲ ရှိနေမှာပါ။ ကိန်းက ကျွန်တော်တို့ ပရောဂျက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိ အဂ်လန် လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်သလို အသင်းဘက်ကလည်း ကိန်းကို အသင်းမှာ ကာလရှည်ကြာ ဆက်လက် ထိန်းသိမ်းသွားဖို့ပါ ဆန္ဒရှိနေပါတယ်။ ကိန်းကိုယ်တိုင်ကလည်း နည်းပြကွန်တီလက်အောက်မှာ ပါဝင်ကစားရတာကို ပျော်ရွှင်နေပြီး အသင်းနဲ့ လာမယ့် ဘောလုံးရာသီတွေကို ဆက်လက် ဖြတ်သန်းသွားဖွယ် ရှိနေပါတယ်။