ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လန်ဒန်မြို့ခံကလပ် အာဆင်နယ်ကို အနိုင်ယူခဲ့ပြီးနောက် ရှုံးပွဲအတွက် ကွင်းလယ်ဒိုင်ကို အပြစ်ပုံချနေတဲ့ အာဆင်နယ်နည်းပြ အာတီတာကို ဆင်ခြေတွေ ပေးမနေပဲ ကိုယ့်အသင်းအတွက်ပဲ အာရုံစိုက်ဖို့ ပြောကြားသွားခဲ့ပါတယ်။

စပါးနဲ့ အာဆင်နယ်တို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄နေရာ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့ အသင်းတွေ ဖြစ်ကြပြီး စပါးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ကို အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နဲ့ ရမှတ် ၁မှတ်သာ ကွာဟတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။

Photo Credit: BBC

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် ဘောလုံးရာသီ ကုန်ဆုံးဖို့ ၂ပွဲသာ လိုအပ်တော့ချိန်မှာ စပါးနဲ့ အာဆင်နယ် နှစ်သင်းအနက် ဘယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အကောင်းဆုံး စွမ်းဆောင်ပြသွားမလဲ ဆိုတာဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပြီး အာဆင်နယ်က စပါးထက် ရမှတ် ၁မှတ် အသာရနေတာကြောင့် သူတို့အသင်းက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိနေကာ စပါးကတော့ အာဆင်နယ်ရဲ့ အမှားကိုသာ စောင့်ဆိုင်းရဖို့ ရှိနေပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပါး ၃-၀ အာဆင်နယ် ပွဲစဉ်အပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းဟာ ကွင်းလယ်ဒိုင်ရဲ့ ဘက်လိုက်မှုကြောင့်သာ စပါးကို ရှုံးနိမ့်ခဲ့ရတာလို့ ဆင်ခြေပေး ငြီးတွားသွားခဲ့ပြီး စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ အာတီတာအနေနဲ့ ဒီထက် ပိုကောင်းတဲ့ နည်းပြတဦး ဖြစ်ချင်ရင် ဆင်ခြေပေးတာတွေကို ရပ်တန့်ဖို့ လိုအပ်ကြောင်း ပြန်လည် ချေပသွားခဲ့ပါတယ်။

Photo Credit: BBC

ကွန်တီက – “အာတီတာက သူ့ရဲ့ အလုပ်ကို အာရုံစိုက်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက လူတော်တဦး ဖြစ်နေလို့ပါ။ လူတယောက်က ရလဒ်မကောင်းတိုင်း ဆင်ခြေတွေ ပေးနေမယ် ဆိုရင် ဒါက ကောင်းတဲ့ ကိစ္စတခု မဟုတ်တော့ပါဘူး။ ကျွန်တော်ဆိုရင်လည်း ရလဒ်မကောင်းတိုင်း ဆင်ခြေပေးလို့ ရတဲ့ ကိစ္စတွေ ရှိတာပဲလေ။ လီဗာပူးနဲ့ပွဲမှာဆိုရင် ကျွန်တော်က ဖာဘင်ဟိုရဲ့ ပြစ်ဒဏ်ဘော ကျူးလွန်မှုတွေနဲ့ ပတ်သတ်ပြီး ဆင်ခြေပေးတာ ခင်ဗျားတို့ ကြားခဲ့ကြလား။ မကြားခဲ့ဘူးမလား။ ဒါကြောင့် ကျွန်တော်ကတော့ ဆင်ခြေပေးတာတွေ ရပ်ပြီး ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ဖို့ အာတီတာကို အကြံပေးချင်ပါတယ်။ တကယ်လို့ သူက ကျွန်တော် အကြံပေးတာကို သဘောမကျဘူး ဆိုရင်လည်း ဒါက သူ့အပိုင်းပါ။ သူက အရမ်းကို ဆင်ခြေပေးတတ်တဲ့ လူတယောက်ပါ။ ဒီအချက်က သိပ်မကောင်းပါဘူး။ သူက သူ့အသင်း အတွက်ပဲ ပိုပြီး အာရုံစိုက်သင့်ပါတယ်” လို့ ခပ်တင်းတင်း ပြန်လည် တုံ့ပြန်သွားခဲ့တာပါ။