ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ မကြာသေးမီကမှ အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ်ဟာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် သူတို့အသင်းနဲ့ အပြိုင် ဖြစ်နေတဲ့ အာဆင်နယ်ကို ဒုက္ခပေးကာ သူတို့ကို ကူညီနိုင်စွမ်းရှိကြောင်း ဘန်လေကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇) အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံ အသင်းကြီးတွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ စပါးတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄နေရာ အတွက် အပြိုင်အဆိုင် ဖြစ်နေကြတဲ့ အသင်းတွေ ဖြစ်ကြပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာ စပါးက ဘန်လေကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် စပါးက အာဆင်နယ်ထက် တပွဲပို ကစားပြီး ရမှတ် ၂မှတ် အသာနဲ့ အဆင့်၄နေရာဆီ ယာယီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Football London

ယနေ့ညမှာတော့ စပါးရဲ့ပြိုင်ဘက် အာဆင်နယ်က အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ပြီးနောက် ခြေစွာနေတဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ဖို့ ဆိုရင် အဆိုပါပွဲစဉ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေကာ အကယ်၍ အာဆင်နယ်က နယူးကာဆယ်ကို အနိုင်မရခဲ့ဘူး ဆိုရင် စပါးက အဆင့်၄နေရာကို သိမ်းပိုက်နိုင်ဖို့ အတော်လေး အခြေအနေ ကောင်းသွားဖွယ် ရှိပါတယ်။

ဒါကြောင့်ပဲ စပါးနဲ့ နီးစပ်သူတွေနဲ့ စပါးကို အားပေးတဲ့ ပရိသတ်တွေက ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် နယူးကာဆယ်နဲ့ အာဆင်နယ်ပွဲမှာ နယူးကာဆယ်ကို အားပေးဖို့ ပြင်ဆင်နေကြသလို စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကလည်း သူဟာ နယူးကာဆယ်နဲ့ အာဆင်နယ်ပွဲကို စောင့်ကြည့်ဖို့ စီစဉ်ထားသလို နယူးကာဆယ်က အသင်းကောင်း တသင်း ဖြစ်တာကြောင့် အာဆင်နယ်ကို ဒုက္ခပေးနိုင်စွမ်း ရှိကြောင်းလည်း ဆိုခဲ့ပါတယ်။

Photo Credit: Football London

ကွန်တီက – “အခုဆိုရင် ကျွန်တော်တို့က ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး အဖိုးတန် ရမှတ် ၃မှတ်နဲ့အတူ အာဆင်နယ်ကို ဖိအားတွေ ပေးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့က နယူးကာဆယ်နဲ့ ရင်ဆိုင် ကစားရတာဟာ မလွယ်ကူဘူး ဆိုတာကို သိထားပြီးသားပါ။ အထူးသဖြင့် နယူးကာဆယ်က နည်းပြကောင်း တဦးရဲ့ ဦးဆောင်မှုနဲ့အတူ ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းနေချိန်မှာ သူတို့နဲ့ ရင်ဆိုင် ကစားရမယ့် အသင်းတိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာက အသေအချာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ အတွက် နောဝှစ်ချ်ကလည်း လွယ်ကူတဲ့ ပြိုင်ဘက်အသင်း ဖြစ်မယ်လို့ မထင်ပါဘူး။ ပြီးတော့ အာဆင်နယ်တို့ နောက်ထပ် ရင်ဆိုင်ရမယ့် အဲဗာတန်ရောပေါ့။ ကျွန်တော်က ဘောလုံးပွဲတွေကို နှစ်သက်တာကြောင့် နယူးကာဆယ်နဲ့ အာဆင်နယ် ပွဲစဉ်ကို ကြည့်ရှုအားပေးဖို့ ရှိပါတယ်။ ပြီးတော့ နယူးကာဆယ်က အာဆင်နယ်ကို ဒုက္ခပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။