အီတလီ စီးရီးအေကလပ် အင်တာမီလန် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ လက်ရှိအချိန်မှာ သတင်းမီဒီယာတွေ ထက်မှာ ရေပန်းစားနေခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား မက်ဆီဟာ အင်တာမီလန် အသင်းထံကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေဟာ သတင်းအတုတွေသာ ဖြစ်ပါတယ်လို့ မှတ်ချက်ပေး သွားခဲ့ပါတယ်။ ကွန်တီ ဟာ အင်တာမီလန်အသင်းက အဝေးကွင်းမှာ ဂျီနိုအာအသင်းကို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး အင်တာဗျူးမှာ အင်တာမီလန် အသင်းထံ မက်ဆီဟာ ပြောင်းရွှေ့လာဖို့ ရှိ ၊ မရှိ ဆိုတဲ့ မေးခွန်းကို မေးခံခဲ့ရစဉ်မှာ အဆိုပါ သတင်းတွေဟာ အတုအယောင်တွေပါလို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sports Mole

အသက်၃၃နှစ်အရွယ် ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား မက်ဆီဟာ လက်ရှိအချိန် အထိ အကောင်းဆုံး ခြေစွမ်းတွေကို ထိန်းသိမ်း ထားနိုင်သူ ဖြစ်ပြီး မကြာခဏဆိုသလို အင်တာမီလန်အသင်း​နဲ့ သတင်း ထွက်ပေါ်လေ့ရှိသူပါ။ မက်ဆီဟာ လက်ရှိ ဘောလုံးရာသီမှာ လာလီဂါပွဲစဉ် ၃၃ပွဲ ပါဝင် ကစားခဲ့ရာမှာ သွင်းဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၀ကြိမ်အထိ ပြုလုပ်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ မက်ဆီသာ ဘာစီလိုနာအသင်းကို စွန့်ခွာလိုပါက သူ့ကို ခေါ်ယူမယ့် အသင်းတွေဟာ အများအပြား ရှိနေခဲ့ပြီး အဆိုပါ အသင်းတွေထဲမှာ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် ၊ မန်စီးတီး ၊ ဂျူဗင်တပ်စတဲ့ ထိပ်သီးအသင်းတွေ ပါဝင် နေပါတယ်။

Photo Credit: Sports Mole

ကွန်တီကတော့ အင်တာမီလန်အသင်းက မက်ဆီကို ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်ကြောင်း ပြတ်သားစွာ ငြင်းဆန်ခဲ့ပါတယ်။ မက်ဆီနဲ့ အင်တာမီလန်အသင်းတို့ရဲ့ အပြောင်းအရွှေ့တွေအပေါ် ကွန်တီက ” မက်ဆီဟာ အင်တာမီလန်အသင်းဆီ ရောက်ရှိလာတော့မယ် ဆိုတဲ့ သတင်းတွေဟာ သတင်းအတုတွေပါ။ သတင်းအတုတွေကို မယုံကြည်ကြပါနဲ့။ သူဟာ အင်တာမီလန်အသင်းဆီ မရောက်လာပါဘူး။ Fantasy Football ထဲမှာတောင်မှပေါ့ ” လို့ ပြောကြား သွားခဲ့တာလည်း ဖြစ်ပါတယ်။ အင်တာမီလန် အသင်းရဲ့ အကြီးအကဲဖြစ်သူ မာရော့တာဟာ လည်း ကွန်တီရဲ့ စကားကို ထောက်ခံထားပါသေးတယ်။