ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီ ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဟယ်ရီကိန်းရဲ့ ခြေစွမ်းကို သဘောကျပါတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုတို့ကို တပြိုင်နက်ထဲ ရရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: The Express

ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၈ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုလည်း ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ စပါးအသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ ဟယ်ရီကိန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်လိုက်ဖို့ တိုက်တွန်းမှုတွေ ရှိလာပြီး စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီ ကတော့ ဟယ်ရီကိန်းဟာ လတ်တလောမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဟယ်ရီကိန်းရဲ့ ခြေစွမ်းပိုင်းကို သဘောကျကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Express

ကွန်တီက – “ ပထမဦးဆုံး ပြောချင်တာက ဟယ်ရီအနေနဲ့ သူ သွင်းဂိုး မသွင်းယူနိုင်ရင်တောင် အသင်းက အနိုင်ရရင် ပျော်ရွှင်နေမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ အားလုံးအတွက် ပထမဦးစားပေးက စပါးအသင်းပါပဲ။ ဟယ်ရီအတွက်လည်း ဒီအတိုင်းပါပဲ။ မနေ့ကအကြောင်း ပြောရရင် ဟယ်ရီကိန်းက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်းကတော့ အရမ်းကို ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ သွင်းဂိုးတွေမှာ သူက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ သူက သွင်းဂိုးတွေ သွင်းယူနိုင်မယ့် အခွင့်အရေးတွေကိုလည်း ရခဲ့ပါတယ်။ ပွဲတပွဲမှာ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ များများစားစား ဖန်တီးနိုင်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့က ဒီအပိုင်းမှာ အတော်လေး တိုးတက်လာပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းအနေနဲ့ မကြာခင်မှာ သွင်းဂိုးတွေ အများကြီး သွင်းယူလာနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။