ဥရောပရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ် ၊ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ စပါး စတဲ့ အသင်းတွေရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ အန်တိုနီယို ကွန်တီက မကြာခင်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေတဲ့ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူချင်နေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၃နှစ် အရွယ် အီတလီလူမျိုး ထိပ်သီးနည်းပြ အန်တိုနီယို ကွန်တီက ၂၀၂၃ခုနှစ် ၊ မတ်လမှာ စပါးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး သူက ရိုးမား ၊ နာပိုလီ စတဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုချိန်အထိ သူနဲ့ သင့်တော်မယ့် အသင်းကို စောင့်ဆိုင်းနေဆဲပါ။

Photo Credit: Standard

တဖက်မှာတော့ ဘိုင်ယန်မြူးနစ်က ဂျာမဏီနည်းပြ တူဟယ်လ်ကို နည်းပြချုပ် အဖြစ် ခန့်အပ်ထားပေမယ့် တူဟယ်လ်ရဲ့ လက်အောက်မှာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းက အတော်လေး ကျဆင်းနေသလို ပြိုင်ပွဲအရပ်ရပ်မှာလည်း ရှုံးပွဲတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရပါတယ်။

တူဟယ်လ်ရဲ့ ဘိုင်ယန်မြူးနစ် နည်းပြဘဝ ၁နှစ်ခွဲကျော် ကာလအတွင်းမှာ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်လီဂါ ဆုဖလား ၁လုံးထဲသာ ရယူထားနိုင်ခဲ့ပြီး ဂျာမန်စူပါဖလားပြိုင်ပွဲမှာ လိုက်ပ်ဇစ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို ပိုကယ်ဖလားပြိုင်ပွဲမှာလည်း ၂ရာသီဆက်တိုက် ဒုတိယတန်း ကလပ်တွေကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

Photo Credit: The Sun

ဒါ့အပြင် ယခုနှစ် ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်က ပွဲစဉ်(၂၅) အပြီးမှာ အဓိကပြိုင်ဘက် လေဗာကူဆင်ထက် ရမှတ် ၈မှတ် အထိ လျော့နည်းနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူ တချို့က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင်မှာ တူဟယ်လ်ကို ထုတ်ပယ်ကာ ထိပ်သီးနည်းပြ တဦးကို အစားထိုး ခန့်အပ်ဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး ဂျာမဏီသတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ အသင်းလက်မဲ့ ဖြစ်နေတဲ့ အန်တိုနီယို ကွန်တီက ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူးကို ရယူဖို့ စိတ်ဝင်စားနေပြီး ကွန်တီက ဂျာမဏီမြေမှာ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်နေပေမယ့် ဘိုင်ယန်မြူးနစ်က ကွန်တီကို သူတို့ရဲ့ လျာထားနည်းပြစာရင်းထဲမှာ မထည့်ထားသေးကြောင်း သိရှိရပါတယ်။