ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ ကစားရခက်တဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာ ကနေ သရေရအောင် ပြန်ကစားနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း ဘရန့်ဖို့ဒ် ၂-၂ စပါး ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကွန်တီက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင် ၊ ပါရီဆစ် ၊ ကူလူဆက်စကီး ၊ ဟွိုက်ချ်ဘက် စတဲ့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး အနိုင်ရအောင် ဦးတည် ကစားခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပွဲပန်းနေခဲ့တဲ့ ကစားသမားတွေဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်မရသေးတာကြောင့် စပါးက ဘရန့်ဖို့ဒ်ကို ယှဉ်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

 

Photo Credit: Sky Sports

အိမ်ရှင် ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ စပါးဆီ ကနေ ရမှတ် ခွဲယူဖို့ ကြိုးစားခဲ့ပြီး ပထမပိုင်းမှာလည်း ဘရန့်ဖို့ဒ်ရဲ့ ကစားအားက စပါးထက် သိသိသာသာ ပိုမို ကောင်းမွန်ခဲ့ကာ ဘရန့်ဖို့ဒ် အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၅မိနစ်မှာ ကွင်းလယ်လူ ဂျာနက်က သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် စပါးက ချေပဂိုး ပြန်လည် ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘရန့်ဖို့ဒ်ရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့ပြီး ပွဲချိန် ၅၄မိနစ်မှာ တိုနေးက ဘရန့်ဖို့ဒ် အတွက် နောက်ထပ် ဦးဆောင်ဂိုး တဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြန်ပါတယ်။

Photo Credit: Sky Sports

၂ဂိုးပြတ် ရှုံးနိမ့်နေပြီးတဲ့နောက် စပါးက ပြန်မလာနိုင်တော့ဘူးလို့ တွေးခဲ့ကြပေမယ့် ပွဲချိန် မိနစ် ၆၀နောက်ပိုင်းမှာ စပါးက ပွဲကို စိုးမိုးသွားနိုင်ခဲ့ပြီး တသင်းလုံးနီးပါး ဖိကစားနိုင်မှုကြောင့်ပဲ စပါးက ပွဲချိန် ၆၅မိနစ်နဲ့ ၇၁မိနစ်တို့မှာ ချေပဂိုးတွေ ပြန်လည် ရရှိခဲ့ကာ စပါးအတွက် ချေပဂိုးတွေကို ဟယ်ရီကိန်းနဲ့ ဟွိုက်ချ်ဘက်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဘရန့်ဖို့ဒ် ၂-၂ စပါး ပွဲအပြီးမှာတော့ စပါးနည်းပြ ကွန်တီက ရလဒ်ပိုင်း အတွက် အပြည့်အဝ ကျေနပ်မှု မရှိပေမယ့် ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ သရေတမှတ် ပြန်ရအောင် ကစားနိုင်ခဲ့လို့ ပျော်ရွှင်မိကြောင်း ပြောကြားသွားပါတယ်။ ကွန်တီက – “ကျွန်တော်တို့က ရှုံးနေရာ ကနေ သရေကျအောင် ပြန်ကစားနိုင်ခဲ့လို့ ပျော်မိပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို ပြသနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ကြောင့် ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။ တချိန်ထဲမှာပဲ ကျွန်တော်တို့က တည်ငြိမ်မှု ရှိဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့က အမှတ်ပေးဇယားမှာ အဆင့်ကောင်းကောင်းနဲ့ ရပ်တည်ချင်ရင် မှန်ကန်တဲ့ ရလဒ်ကောင်းတွေ ရယူနိုင်အောင် ကြိုးစားဖို့ လိုအပ်ပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။