ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် နောက်ကျ ချေပဂိုးတွေ ၊ နောက်ကျ အနိုင်ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေရဲ့ ခံစစ်ကစားဖို့ တွန့်ဆုတ်နေမှုကို ထောက်ပြသွားခဲ့ပါတယ်။

စပါးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အသင်းတသင်း ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ဆိုရင် လက်ကျန်ပွဲတွေကို အမှားခံလို့ မရတဲ့ အနေအထားပါ။

Photo Credit: Standard

ဒါကြောင့်ပဲ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတဲ့ ပွဲစဉ်ဟာ စပါးအတွက် မဖြစ်မနေ အနိုင်ယူရမယ့် ပွဲစဉ်တပွဲ ဖြစ်ပေမယ့် စပါးဟာ ၂-၁နဲ့ ဦးဆောင်နေမှုကို မထိန်းသိမ်းနိုင်ခဲ့ပဲ ဆောက်သမ်တန်ကို နောက်ကျသွင်းဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ စပါးနည်းပြ ကွန်တီက သူ့ကစားသမားတွေရဲ့ ပွဲတွင်း စီမံခန့်ခွဲမှုအပေါ် အားမလိုအားမရ ဖြစ်နေပြီး အနိုင်ရနေချိန်မှာ ခံစစ်ပိုင်းကို ပိုမို အားပြုကစားသင့်ကြောင်းနဲ့ ဒီပွဲရဲ့ အရှုံးကို သင်ခန်းစာ ယူသင့်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ကွန်တီက – “ကျွန်တော်တို့တွေက ပထမပိုင်းမှာ အမှားအယွင်းတွေ အတော်လေး လုပ်ခဲ့မိပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ပြီးတော့ ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ခံစစ်ကို အားပြု ကစားခဲ့သင့်တာပါ။ ကျွန်တော်တို့တွေ ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုး ၂ဂိုးကလည်း အသင်းလိုက် ခံစစ်ကစားပုံ ညံ့ဖျင်းလို့ ပေးလိုက်ရတဲ့ ပုံစံတွေပါ။ ဒီပွဲမှာ ၃မှတ်အပြည့် ရဖို့ ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားဖို့ လိုတယ် ဆိုတာကို သိထားပါတယ်” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။