MySport Myanmar

ဒီလိုရန်ဇိုရဲ့ အနီကတ်က ပွဲကို ဖျက်ဆီးသွားခဲ့တယ်လို့ ကွန်တီ ဝန်ခံ

နာပိုလီအသင်းရဲ့ ချန်ပီယံလိဂ်ခရီးလမ်းဟာ မနေ့ညက မန်စီးတီးကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး အဖွင့်မလှခဲ့ပါဘူး။ ပွဲအပြီးမှာတော့ နည်းပြ အန်တိုနီယို ကွန်တီက အသင်းခေါင်းဆောင် ဂျီယိုဗန်နီ ဒီလိုရန်ဇိုရဲ့ ပွဲအစောပိုင်း အနီကတ်ဟာ ပွဲစဉ်တစ်ခုလုံးကို ဖျက်ဆီးသွားခဲ့ကြောင်း ညည်းတွားပြောကြားလိုက်ပါတယ်။

ပွဲကစားချိန် (၂၁)မိနစ်မှာ နောက်ခံကစားသမား ဒီလိုရန်ဇိုဟာ တိုးဝင်လာတဲ့ ဟာလန်းဆီက ဘောလုံးကို ဖျက်ထုတ်ဖို့ ကြိုးစားရာမှာ ဟာလန်းကို တိုက်ရိုက် ထိခိုက်မိခဲ့တာကြောင့် နောက်ဆုံးလူပြစ်ဒဏ်ကျူးလွန်မှုအဖြစ် VAR က ပြန်လည်သုံးသပ်ပြီးနောက် ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြသခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Today

ဒီအနီကတ်နဲ့ ပတ်သက်ပြီး ကွန်တီက “ရိုးရိုးသားသားပြောရရင် အဲ့ဒီအဖြစ်အပျက်ကို ကျွန်တော်မမြင်လိုက်ဘူး။ ဒါပေမဲ့ မိနစ် (၂၀)မှာ အနီကတ်တစ်ကတ်ရသွားပြီဆိုရင် ပွဲရဲ့လမ်းကြောင်းက တစ်မျိုးတစ်မည် ဖြစ်သွားပြီ။ ဒီအနီကတ်ကြောင့် ပွဲက ပျက်စီးသွားခဲ့တယ်။ ဒိုင်လူကြီးက ဆုံးဖြတ်ချက်ချသွားပြီ။ ကျွန်တော်တို့ လက်ခံရမှာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုရန်ဇိုရဲ့ အနီကတ်ကြောင့် နည်းပြ ကွန်တီဟာ နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲလုပ်ဖို့ ဖိအားပေးခံခဲ့ရပြီး အဲ့ဒီအပြောင်းအလဲရဲ့ အဓိက “စတေးခံ” ဖြစ်ခဲ့ရသူကတော့ ကီဗင် ဒီဘရိုင်းပဲ ဖြစ်ပါတယ်။ ဆုဖလားတွေနဲ့ ပြည့်နှက်နေတဲ့ မန်စီးတီး ကစားသမား အပြီးမှာ နာပိုလီ ကစားသမားအဖြစ် Etihad ကွင်းကို ပထမဆုံးအကြိမ် ပြန်လည်ခြေချခဲ့တဲ့ ဒီဘရိုင်းနားဟာ ပွဲချိန် (၂၆)မိနစ်မှာပဲ နောက်ခံလူ မာသီးယက်စ် အိုလီဗီရာနဲ့ လူစားလဲခံခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ဒီအပေါ်မှာ ကွန်တီက “သူ့အတွက် ကျွန်တော် တကယ်ကို အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒါက သူ့အသင်းဟောင်းနဲ့ပွဲစဉ်လေ။ ဒါပေမဲ့ ကီဗင်က ကောင်းကောင်းနားလည်ပေးပါတယ်။ ကျွန်တော့်မှာ ဒီတစ်ခုတည်းသော ရွေးချယ်စရာပဲ ရှိခဲ့တာပါ။” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

တစ်ယောက်အသာနဲ့ ကစားခွင့်ရသွားတဲ့ စီးတီးအသင်းက ပွဲကို လုံးဝစိုးမိုးသွားခဲ့ပြီး ဟာလန်းက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ဟာလန်းအတွက် ချန်ပီယံလိဂ် (၄၉)ပွဲမှာ သွင်းဂိုး (၅၀)ပြည့်မြောက်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုး (၅၀)ကို အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ဂျယ်ရမီ ဒိုကူက တစ်ကိုယ်တော်ခြေစွမ်းနဲ့ သွင်းယူပေးခဲ့တာပါ။

Exit mobile version