ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဝက်စ်ဟမ်း ၁-၁ စပါး ပွဲစဉ်မှာ သူတို့အသင်း ရခဲ့တဲ့ ပင်နယ်တီကို ပြန်ပယ်ဖျက်ခဲ့တဲ့ VARဒိုင်ရဲ့ လုပ်ရပ်ကို ပွဲအပြီးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ကွန်တီရဲ့ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပွဲကစားချိန် ၃၄မိနစ်မှာပဲ ဝက်စ်ဟမ်း နောက်ခံလူ ခယ်လ်ဟာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုးကို အချိန်ကြာကြာ မထိန်းသိမ်းနိုင်ခဲ့ပဲ ပွဲကစားချိန် ၅၅မိနစ်မှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဆူဆက်ရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ စပါးတို့ရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပဲ အိမ်ရှင် ဝက်စ်ဟမ်းကတောင် ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပြီး စပါးကတော့ ပွဲကစားချိန် ၁၂မိနစ် ဝန်းကျင်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် VARဒိုင်ရဲ့ ပင်နယ်တီ မပေးသင့်ကြောင်း ပြောကြားချက်ကြောင့် ရခဲ့တဲ့ ပင်နယ်တီကို ပြန်လည် ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲကစားချိန် ၁၂မိနစ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ခေါင်းတိုက်ချက်ကို ဝက်စ်ဟမ်း နောက်ခံလူ ခရက်စ်ဝဲလ် တယောက် တားဆီးဖို့ ကြိုးစားရာမှာ ဘောလုံးက ခရက်စ်ဝဲလ်ရဲ့ လက်မောင်းကို ထိသွားတာကြောင့် ကွင်းလယ်ဒိုင် ပီတာ ဘန်ကီဟာ စပါးဘက်ကို ပင်နယ်တီ ပေးခဲ့တာပါ။

Photo Credit: Standard

ဒါပေမယ့် VARဒိုင်ကတော့ ခရက်စ်ဝဲလ်ဟာ ဘောလုံးကို တားဆီးဖို့ ကြိုးပမ်းခဲ့တာ မဟုတ်ပဲ ဘောလုံးကသာ မတော်တဆ သူ့ရဲ့ လက်မောင်းကို လာထိတာကြောင့် ပင်နယ်တီ မပေးသင့်ဘူးလို့ ကွင်းလယ်ဒိုင် ပီတာ ဘန်ကီကို အကြံပေးခဲ့ပြီး VARဒိုင်ရဲ့ အကြံပေးမှုကြောင့်ပဲ ပီတာ ဘန်ကီက စပါးဘက်ကို ပေးခဲ့တဲ့ ပင်နယ်တီအား ပြန်လည် ပယ်ဖျက်သွားခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ စပါးနည်းပြ ကွန်တီက VARဒိုင်ရဲ့ ဆုံးဖြတ်ချက် အပေါ် မကျေမနပ် ဖြစ်နေပြီး VARဒိုင်ဟာ ကွင်းလယ်ဒိုင်ကို အရှက်ရစေခဲ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ကွန်တီက – “အရိုးသားဆုံး ပြောရရင်တော့ ပထမပိုင်း အပြီးမှာပဲ ကျွန်တော်က ကွင်းလယ်ဒိုင်ဆီ သွားပြီး သူ့ရဲ့ ဆုံးဖြတ်ချက် (ပင်နယ်တီ ပေးခဲ့တဲ့ ဆုံးဖြတ်ချက်) မှန်ကန်ခဲ့ကြောင်းကို ပြောဖြစ်ခဲ့ပါတယ်။ VARဒိုင်က ဖြစ်ရပ်ကို တခါ ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့မှုဟာ တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ ကွင်းလယ်ဒိုင်က သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယူဆနေပေမယ့် VARဒိုင်ကတော့ အဲ့ဒီလို မမြင်ခဲ့ပါဘူး။ ဒါက ထူးဆန်းပါတယ်။ ကျွန်တော် ပြောချင်တာက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ် ဆိုတာပါပဲ။ VARဒိုင်ရဲ့ စကားတိုင်းက မှန်ကန်တဲ့ စကားတွေ မဟုတ်ပါဘူး။ အင်္ဂလန်မှာ VARစနစ်ကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့ အသေးစိတ် လေ့လာမှုတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။