ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီကတော့ သူဟာ ဆုဖလား အောင်မြင်မှုတွေကို ရယူလိုစိတ် ပြင်းပျတဲ့ လူတဦး ဖြစ်တာကြောင့် ရာသီကုန်ရင် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး စဉ်းစား ဆုံးဖြတ်သွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

နာမည်ကြီး အီတလီလူမျိုး နည်းပြဖြစ်သူ ကွန်တီဟာ ယခုနှစ် ဘောလုံးရာသီ တဝက်ကမှ လန်ဒန်မြို့ခံ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ စပါးကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ စပါးရဲ့ ကွင်းတွင်း ခြေစွမ်းပိုင်းက တိုးတက်လာခဲ့ပေမယ့် စပါးအနေနဲ့ ဆုဖလားတွေ ရယူနိုင်မယ့် အနေအထား မရှိသေးပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုတောင် ရုန်းကန်နေရပါတယ်။

Photo Credit: Marca

ကွန်တီဟာ သူ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ဆုဖလားတွေ ရယူနိုင်အောင် ပစ်မှတ်ထား ကြိုးပမ်းလေ့ ရှိတဲ့ နည်းပြတဦး ဖြစ်တာကြောင့် စပါးအသင်းနဲ့အတူ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း မရှိတဲ့ အခြေအနေအပေါ် အားလိုအားမရ ဖြစ်နေပြီး ကွန်တီဟာ ရာသီကုန်ရင် အသင်းပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

အထူးသဖြင့် ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ကာ ကွန်တီက အဆိုပါ သတင်းတွေဟာ သတင်းမှားတွေ ဖြစ်ကြောင်း ဖြေရှင်းထားပေမယ့် စပါးနဲ့အတူ ဆုဖလားတွေ ရယူနိုင်မယ့် အနေအထားဆီ မရောက်နိုင်ရင်တော့ အသင်းကနေ ထွက်ခွာဖို့ ရှိနေကြောင်း ပြောပြလာပါတယ်။

Photo Credit: Marca

ကွန်တီက – “ရာသီကုန်သွားရင် ကျွန်တော်တို့က အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ စကားပြောပြီးတော့ အားလုံးအတွက် အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချသွားဖို့ ရှိပါတယ်။ ကျွန်တော်က စပါးမှာ နေရတာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိကြဘူးလေ။ ကျွန်တော်က ရည်မှန်းချက် ကြီးမားတဲ့ လူတယောက် ဆိုတာကို မမေ့ကြပါနဲ့။ ကျွန်တော်က ဆုဖလားတွေ အတွက်ပဲ တိုက်ပွဲဝင်ချင်ပါတယ်။ အဆင့် ၇ ၊ ၈လောက် ရဖို့ကို တိုက်ပွဲဝင်မယ့် နည်းပြ မဟုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။