ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလကမှ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နာမည်ကြီး အီတလီလူမျိုး နည်းပြဖြစ်သူ အန်တိုနီ ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးက ဘန်လေကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရပြီးနောက် သူဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် ရဖို့ အတွက် ရုန်းကန်နေရတဲ့ စပါးဟာ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘန်လေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘန်လေ နောက်ခံလူ ဘန်မီးရဲ့ တလုံးထဲသော သွင်းဂိုးကို ပြန်လည် ချေပနိုင်ခြင်း မရှိတာကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit: Daily Mail

အဆိုပါရှုံးပွဲကြောင့်ပဲ စပါးဟာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄အတွင်း ဝင်ရောက်နိုင်ဖို့ အတော်လေးကို ခက်ခဲသွားပြီး စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ရှုံးပွဲတွေ ဆက်နေတာကြောင့် သူက မကြာခင်မှာပဲ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ၊ ကစားသမား တချို့ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဂျူဗင်တပ် ၊ အီတလီ ၊ ချယ်လ်ဆီးတို့နဲ့ အတူ အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်ခဲ့တဲ့ ကွန်တီဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်ပြီး နိုင်လိုစိတ် ပြင်းထန်တာကြောင့် မကြာခဏ ဆိုသလို ကစားသမားတွေနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်လေ့ ရှိပါတယ်။

Photo Credit: Daily Mail

ကွန်တီက – “ရလဒ်ဆိုးတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ လိုနေပါပြီ။ စပါးက အသင်းနဲ့ အခြေအနေနဲ့ရော ၊ ကျွန်တော့်ရဲ့ အနာဂတ် အတွက်ပါ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံး အဖြေတခုကို ရှာတွေ့နိုင်ဖို့ လိုပါမယ်။ ရှုံးပွဲတွေ ဆက်နေတာကို ကျွန်တော် သည်းမခံနိုင်ပါဘူး။ ဒီအသင်းမှာ နည်းပြတွေ အများကြီး အပြောင်းအလဲ ဖြစ်ခဲ့ပေမယ့် ကစားသမားတွေ ကတော့ အတူတူပါပဲ။ ပြီးတော့ ရလဒ်တွေကလည်း ဒီရလဒ်တွေပါပဲ (ကစားသမားတွေရဲ့ အပြုအမူအပေါ် အပြစ်တင်ခြင်း)” လို့ ဘန်လေနဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။