ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာသာ သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်ဆီကနေ ကမ်းလှမ်းမှု ရောက်လာခဲ့ရင် လက်ခံဖို့ စဉ်းစားထားကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဘာဂစ်ဂီယာက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၅၃နှစ် အရွယ် အီတလီလူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီက ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ရာသီဝက်ကို ရောက်မှသာ စပါးထံ ရောက်ရှိလာသူ ဖြစ်ပေမယ့် သူ့ရဲ့ လက်အောက်မှာ စပါးဟာ အချိန်တိုအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းစားနေတဲ့ အသင်းတွေထဲ ပါဝင်နေပါတယ်။

Photo Credit: Express

ဒါပေမယ့် စပါးနဲ့ ကွန်တီတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး စပါးဘက်က ကွန်တီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမယ့် ကွန်တီကတော့ သူ့ရဲ့ အနာဂတ် အတွက် စဉ်းစားနေဆဲ ဖြစ်ပါတယ်။

တဖက်မှာတော့ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ပြီးခဲ့တဲ့ နှစ်ရာသီဆက် အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပြီး အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ပြီးရင် အသင်းကို ဥရောပရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပြန်လည် တည်ဆောက်ပေးခဲ့တဲ့ ကွန်တီကို နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်ချင်နေပါတယ်။

Photo Credit: Express

နာမည်ကြီး အီတလီ သတင်းထောက် ဘာဂစ်ဂီယာရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေသလို ကွန်တီကလည်း ဂျူဗင်တပ်ဆီ ပြန်လာချင်နေတာကြောင့် မကြာခင်မှာ ကွန်တီဟာ ဂျူဗင်တပ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များပြားနေကြောင်း သိရပါတယ်။

ဒါပေမယ့် ကွန်တီက အသင်းတသင်းကို ရာသီစတင်ပြီးချိန်မှာ မကိုင်တွယ်ချင်သလို စပါးနဲ့လည်း အထိုင်ကျပြီးသား ဖြစ်နေတာကြောင့် ဂျူဗင်တပ်ဟာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ဆိုရင် ရာသီကုန်ချိန် အထိ စောင့်ဆိုင်းရဖွယ် ရှိနေကြောင်းလည်း ဘာဂစ်ဂီယာက ဆိုပါတယ်။