ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ကစားရမယ့် စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အာဆင်နယ်ရဲ့ တောင်းဆိုမှုအား လက်ခံခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကို ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ရင်ဆိုင် ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်ကို မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ည ၁၁နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိခဲ့ပေမယ့် အာဆင်နယ်အသင်းက အသင်းတွင်းမှာ ကိုဗစ်ကူးစက်မှု ၊ ဒဏ်ရာရ ကစားသမား များပြားနေမှုနဲ့ အာဖရိကဖလား ပြိုင်ပွဲဆီ ကစားသမား စေလွှတ်ထားရမှုတို့ ရှိနေတာကြောင့် ပွဲရွှေ့ပေးဖို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ထံ သောကြာနေ့ညမှာပဲ တင်ပြ တောင်းဆိုခဲ့ပါတယ်။

Photo Credit: Express

အာဆင်နယ်အသင်းဟာ အာဖရိကဖလား ပြိုင်ပွဲဆီ ပါတေး ၊ အယ်နီနီ ၊ အူဘာမီယန်း ၊ ပေပေ စတဲ့ ကစားသမားတွေကို စေလွှတ်ထားရသလို အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ တိုမီယာစု ၊ ဆာကာ ၊ စမစ်ရိုဝီ ၊ ချန်ဘာ စတဲ့ ကစားသမားတွေကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အိုဒီဂတ်ကလည်း ကိုဗစ် ကူးစက်ခံထားရတာကြောင့် ပွဲကစားရန် စီနီယာ ကစားသမား မလုံလောက်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် စပါးအသင်း ကတော့ ဒဏ်ရာရ ကစားသမား များပြားနေမှုကို အကြောင်းပြပြီး ပွဲရွှေ့ပေးဖို့ တောင်းဆိုမှုဟာ မခိုင်လုံတဲ့ အကြောင်းပြချက် တခု ဖြစ်တာကြောင့် ပွဲရွှေ့ပေးဖို့ တောင်းဆိုမှုကို လက်မခံဖို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ထံ တင်ပြခဲ့ပေမယ့် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ် ကတော့ အာဆင်နယ်အသင်းရဲ့ တောင်းဆိုမှုကို လက်ခံကာ ပွဲရွှေ့ပေးခဲ့ပါတယ်။

Photo Credit: Express

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် စပါးအသင်းက ကျေနပ်ခြင်း မရှိပဲ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ဒဏ်ရာရ ကစားသမားတွေ ရှိနေတဲ့ အတွက် ပွဲရွှေ့ပေးရတဲ့ ဖြစ်စဉ်မျိုးကို အခုမှပဲ မြင်ဖူးတယ်လို့ ခနဲ့တဲ့တဲ့ ပြောရင်း ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကို ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

ကွန်တီက – “တကယ်လို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ကသာ ဒဏ်ရာရ ကစားသမားတွေ များနေလို့ ပွဲရွှေ့ပေးတယ် ဆိုရင် ဒါက သူတို့အနေနဲ့ ပိုမို ကောင်းမွန်တဲ့ ပွဲစဉ်ဇယား တခုကို လုပ်ဖို့ လိုအပ်နေပြီ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြီးတော့ ဒီဖြစ်စဉ်ဟာ ကျွန်တော့်ရဲ့ ဘဝမှာ ပထမဦးဆုံး ကြုံတွေ့ဖူးတဲ့ လိဂ်အဖွဲ့ချုပ်က ဒဏ်ရာရ ကစားသမား များနေလို့ ပွဲရွှေ့ပေးခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ ဒီဆုံးဖြတ်ချက်က အရမ်းကို ထူးဆန်းသလို ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အတော်လည်း အံ့ဩမိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။