ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပို့တင်း လစ္စဘွန်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅)မှာ သူတို့အသင်းက ရရှိခဲ့တဲ့ ဟယ်ရီကိန်းရဲ့ နောက်ကျအနိုင်ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင်အား ပွဲအပြီးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

စပါးက ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅) အဖြစ် ပေါ်တူဂီ နာမည်ကြီးကလပ် စပို့တင်း လစ္စဘွန်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ပွဲချိန် ၂၂မိနစ်မှာပဲ စပို့တင်း လူငယ်ကြယ်ပွင့် အက်ဒဝပ်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရဖို့ အနောက်ကနေ လိုက်လံ ကစားခဲ့ရပါတယ်။

Photo Credit: BBC

စပါးက စပို့တင်း လစ္စဘွန်းကို အနိုင်ရရင် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ သေချာသွားမှာ ဖြစ်တာကြောင့် ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ အဆုံးသတ် မသေချာမှုတွေကြောင့် ချေပဂိုး ပြန်လည် ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် မိနစ် ၈၀ ရောက်မှသာ ကွင်းလယ်လူ ဘန်တန်ကာက ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ချေပဂိုး ရရှိပြီးနောက် စပါးက အနိုင်ဂိုး ရရှိရေး အတွက် ဆက်လက် ကြိုးစားခဲ့ရာ ပွဲချိန် ၉၀+၅မိနစ် အရောက်မှာတော့ အီမာဆန်ရဲ့ ခေါင်းတိုက်ချပေးမှုကို ဟယ်ရီကိန်းက သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် မက်ခီလီနဲ့ VARဒိုင်တို့က ဟယ်ရီကိန်းဟာ လူကျွံနေတယ်လို့ အကြောင်းပြချက်ပေးကာ သွင်းဂိုးအား ပယ်ဖျက်ခဲ့ပါတယ်။

Photo Credit: BBC

ရုပ်သံပြကွက်တွေအရ အီမာဆန်ဟာ ဟယ်ရီကိန်းကို ခေါင်းတိုက်ချပေးချိန်မှာ ဟယ်ရီကိန်းရဲ့ အရှေ့ကို ရောက်နေတာကြောင့် ဟယ်ရီကိန်းဟာ လူကျွံအနေအထားမှာ မရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင် မက်ခီလီကတော့ ဟယ်ရီကိန်းဟာ အီမာဆန်ရဲ့ ဘောလုံးကို လက်ခံရရှိချိန်မှာ အီမာဆန်ရဲ့ အရှေ့ကို ရောက်နေတာကြောင့် သွင်းဂိုးအား ခွင့်မပြုခဲ့တာ ဖြစ်ကြောင်း အကြောင်းပြချက် ပေးသွားခဲ့ပါတယ်။

ဒါပေမယ့် စပါးနည်းပြ ကွန်တီကတော့ မက်ခီလီရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝကို မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ ကွန်တီက – “သေချာတာ တခုကို ပြောရရင် ဘောလုံးဟာ ဟယ်ရီကိန်းရဲ့ အရှေ့မှာ ရှိနေခဲ့တာပါ။ ဒါကြောင့် ဒီဂိုးက သေချာပေါက် ခွင့်ပြုပေးရမယ့် သွင်းဂိုးပါ။ ကျွန်တော်ကတော့ VARရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့တွေ ဆွဲခဲ့တဲ့ မျဉ်းကြောင်းကို လုံးဝ နားမလည်နိုင်ပါဘူး။ ကွင်းလယ်ဒိုင်နဲ့ VARဒိုင်တို့ရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်း ထပ်မပြောချင်တော့ပါဘူး။ ပြောလိုက်ရင် ကျွန်တော့်အတွက် ပိုပြီးတော့ အန္တရာယ် ရှိနိုင်တယ်လေ။ ကျွန်တော်ကတော့ တကယ်လို့ ဒီလိုဂိုးမျိုးကိုသာ နောက်ထပ် တပွဲ ၊ နောက်ထပ် အင်အားကြီးအသင်း တသင်းက သွင်းနိုင်ခဲ့ရင် သူတို့တွေက ဂိုးကို ပယ်ဖျက်မလား ဆိုတာပဲ သိချင်နေပါတယ်။ ဒီပွဲမှာ မမျှတတဲ့ ဆုံးဖြတ်ချက်တွေ အများကြီးကို မြင်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီပွဲနဲ့ ပတ်သတ်ပြီး အပေါင်းလက္ခဏာ ဆောင်တဲ့ အရာတွေ မတွေ့ခဲ့ပါဘူး” လို့ ပြစ်တင် ဝေဖန်သွားခဲ့တာပါ။