ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ သူတို့အသင်း ရရှိခဲ့တဲ့ ဦးဆောင်ဂိုးကို အကြောင်းပြချက် မခိုင်လုံပဲ ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင် တီယာနေးရဲ့ ဆုံးဖြတ်ချက်က မှားယွင်းနေကြောင်း ပွဲအပြီးမှာပဲ ဝေဖန်သွားခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့အိမ်ကွင်း စတမ်းဖို့ဘရေ့ဒ်ချ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အိမ်ရှင် ချယ်လ်ဆီးဟာ စပါးကို ပွဲစပွဲဆုံးနီးပါး ဖိအားပေး ကစားနိုင်ခဲ့ပြီး ကွင်းလယ်လူ ဇီရက်ဇ်ရဲ့ လှပတဲ့ သွင်းဂိုး ၊ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတို့နဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Daily Mail

အဆိုပါပွဲစဉ်မှာ စပါးဟာ ချယ်လ်ဆီးရဲ့ ကစားကွက်ကို မယှဉ်နိုင်ခဲ့သလို အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ရှားရှားပါးပါး ရလာတဲ့ အခွင့်အရေး ကနေ သွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း ကွင်းလယ်ဒိုင် တေလာရဲ့ ဆုံးဖြတ်ချက်ကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဟယ်ရီကိန်းဟာ ပွဲကစားချိန် မိနစ် ၄၀ ဝန်းကျင်မှာ ဘယ်ခြမ်းကနေ ဆက်ဆီနွန် ဖြတ်တင်ပေးတဲ့ ဘောလုံးကို သီယာဂို ဆေးလ်ဗားအား ဘော်ဒီခုကာ အပိုင် အဆုံးသတ်ခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင် တေလာကတော့ အဆိုပါသွင်းဂိုးမှာ ဟယ်ရီကိန်းက ဆေးလ်ဗားအပေါ် ခပ်ကြမ်းကြမ်း ကစားခဲ့တယ်လို့ ဆုံးဖြတ်ကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဒါပေမယ့် ရုပ်သံအနှေးပြကွက်တွေကို ပြန်ကြည့်ချိန်မှာတော့ ဟယ်ရီကိန်းဟာ ဆေးလ်ဗားရဲ့ ကျောကို လက်နဲ့ အနည်းငယ်သာ ထိခဲ့တာကို မြင်တွေ့ရပြီး ဒီလိုမျိုး ထိတွေ့မှုက သွင်းဂိုး တဂိုးကို ပယ်ဖျက်ဖို့ အထိ မလုံလောက်ဘူးလို့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အခိုင်အမာ ပြောနေကြသလို ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း ဟယ်ရီကိန်းရဲ့ သွင်းဂိုးကို မပယ်ဖျက်သင့်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ကွန်တီကတော့ ဟယ်ရီကိန်းရဲ့ သွင်းဂိုးကို ပယ်ဖျက်သွားခဲ့တဲ့ ကွင်းလယ်ဒိုင် တေလာရဲ့ ဆုံးဖြတ်ချက်ကို အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ်။ ကွန်တီက – “ကွင်းလယ်ဒိုင်က ကိန်းရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့ပါဘူး။ ကျွန်တော် ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ရှင်းလင်းတဲ့ ရပ်တည်ချက် တခု ရှိပါတယ်။ အယဉ်ကျေးဆုံး ပုံစံနဲ့ ပြောရမယ် ဆိုရင်တော့ သူ့ရဲ့ ဆုံးဖြတ်ချက်က အင်္ဂလန်လို ကြံ့ခိုင်မှု အသားပေးတဲ့ လိဂ်ရဲ့ အဆင့်အတန်းနဲ့ ယှဉ်ရင် မယုံနိုင်စရာ ကောင်းလွန်းပါတယ်။ (အရွဲ့တိုက်ပြီး ပြောခဲ့တာပါ) အီတလီမှာ ဆိုရင်တော့ ဒီလိုမျိုးဂိုးက ၅၀-၅၀ လို့ ပြောလို့ရပေမယ့် အင်္ဂလန်မှာတော့ ဒီသွင်းဂိုးက လုံးဝကို ပယ်ဖျက်ဖို့ မလိုတဲ့ သွင်းဂိုးပါ” လို့ ပြောကြားသွားခဲ့တာပါ။