ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းဟာ ရလဒ်ကောင်းတွေ မရရှိတာကြောင့် နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းရဲ့ နည်းပြသစ် အဖြစ် အင်တာမီလန်အသင်းနဲ့ လမ်းခွဲထားတဲ့ အီတလီ လူမျိုး နည်းပြ ကွန်တီကို ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

စပါးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့ပြီး ၃ပွဲအထိ ရှုံးနိမ့်ခဲ့သလို ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာလည်း ရုန်းကန်နေရတာကြောင့် စပါးအသင်းရဲ့ ဘုတ်အဖွဲ့ဟာ တနင်္ဂနွေနေ့မှာပဲ အထူး အစည်းအဝေး တရပ် ပြုလုပ်ပြီး အသင်းရဲ့ နည်းပြ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Photo Credit: Daily Mail

နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို စီးရီးအေ ချန်ပီယံ ဖြစ်အောင် ဦးဆောင်နိုင်ခဲ့တဲ့ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပြီး ကွန်တီကလည်း ဂျူဗင်တပ်အသင်းမှာ သူနဲ့ လက်တွဲဖူးတဲ့ အားကစား ဒါရိုက်တာ ပါရာတစ်စီနဲ့ လက်တွဲဖို့ သဘောတူခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီး ၂၀၂၃ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုမယ် လို့ သိရပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ ကွန်တီဟာ သူ့ရဲ့ အေးဂျင့်အဖွဲ့နဲ့ အတူ လန်ဒန်မြို့ကို ရောက်ရှိနေပြီး မကြာခင်မှာပဲ စပါးအသင်းနဲ့ စာချုပ် ချုပ်ဆိုဖို့ ရှိနေကာ ကွန်တီဟာ စပါးအသင်းရဲ့ အပြောင်းအရွှေ့တွေကို သူ ကိုယ်တိုင် စီမံခန့်ခွဲခွင့် ရရှိထားကြောင်းလည်း စပါးအသင်းနဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။