မနေ့ညက ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်ထိ ရှုံးထားခဲ့ရတဲ့ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၄)အတွင်း ဝင်ရောက်ပြီး ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ အသင်းနည်းပြ အန်တိုနီယိုကွန်တီက ညည်းတွားပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

ဂျုဗင်တပ်စ် အင်တာမီလန်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြဟောင်း ကွန်တီက စပါးအသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်စဉ် ပရီးမီးယားလိဂ်မှာ (၉)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချယ်လ်ဆီး ဆောက်သမ်တန်တို့ကို ရှုံးနိမ့်ခဲ့သလို မနေ့ညက ပွဲစဉ်မှာလည်း ဝုလ်ဗ်ကို ထပ်ရှုံးခဲ့ရပါတယ်။ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့တုန်းက ချယ်လ်ဆီးရဲ့အိမ်ကွင်းမှာ ဖြစ်ပေမယ့် ဆောက်သမ်တန်နဲ့ ဝုလ်ဗ်တို့ကိုတော့ စပါးအသင်းရဲ့ အိမ်ကွင်းတွေမှာ အရေးနိမ့်ခဲ့တာဖြစ်လို့ စပါးအတွက် ပိုအထိနာခဲ့ရသလို အခုဆိုရင်လည်း အသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာထိကိုပါ ရောက်ရှိနေရပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ စပါးအသင်းအနေနဲ့ အဆင့်(၄)က ဝက်စ်ဟမ်းနဲ့ ရမှတ်(၅)မှတ်သာ ကွာဟပြီး (၃)ပွဲလျော့ထားခဲ့လို့ အမီလိုက်နိုင်ရုံမက ကျော်တတ်သွားနိုင်လောက်တဲ့ အခြေအနေမျိုး ဖြစ်နေပေမယ့်လည်း အသင်းသားတွေရဲ့ နိုင်ပွဲဆာလောင်တဲ့စိတ် ပျောက်ဆုံးနေမှုကြောင့် အသင်းရဲ့ Top (4) မှောျ်မှန်းချက်က မဖြစ်နိုင်လောက်ဘူးလို့ ကွန်တီက မှတ်ချက်ပြုသွားခဲ့ပါတယ်။ အသင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး ကွန်တီက “မင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေထဲကမှ ချယ်လ်ဆီးနဲ့ ကစားသွားခဲ့တဲ့ ပွဲရယ် နောက် အိမ်ကွင်းပွဲစဉ် (၂)ပွဲဆက်ရယ်ကို ရှုံးနိမ့်ခဲ့ချိန်မှာ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ချင်နေသေးတယ်ဆိုရင် ဒါ မဖြစ်နိုင်တော့ပါဘူး။ အဓိက ပြသာနာက မင်းရဲ့အနိုင်ရလိုစိတ်ကို ဝယ်ယူလို့ မရနိုင်တာပဲ။ ဒါကို တနေ့ပြီးတနေ့ လွှဲပြောင်းနေရမှာဖြစ်ပြီးတော့ ဒီလိုမလုပ်နိုင်တာကလည်း အသင်းမှာက လုပ်ငန်းစဉ်တွေအပေါ် လျင်လျင်မြန်မြန် နားလည်နိုင်တဲ့ ကစားသမားနဲ့ နားလည်နိုင်ဖို့ အချိန်ပိုလိုအပ်တဲ့ ကစားသမားဆိုပြီး ရှိနေလို့ပါ။ အနိုင်ရယူစိတ်ဆိုတာကတော့ ကျွန်တော့်အမြင်ဆိုရင် ပွဲကစားနေတဲ့အခါ ကိုယ်ရဲ့ပြိုင်ဘက်ကို စိတ်ထဲမှာ ငါမင်းကိုသတ်ပြီး အသက်ဆက်ရှင်ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ တွေးထားနိုင်ရလိမ့်မယ်။ ဒါက ဘောလုံးကစားနေတဲ့ အချိန်တိုင်းမှာကို တွေးထားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။