ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် မန်ချက်စတာ ယူနိုက်တက်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူ့ရဲ့ စပါးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေစွမ်းကို မမှီခဲ့ပါဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။

ကွန်တီရဲ့ စပါးက ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမယ့် အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ ချယ်လ်ဆီးတို့နဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲတွေမှာ ကစားပုံအရ အသာစီး မရခဲ့သလို ရလဒ်ကောင်းတွေ မယူထားနိုင်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားခဲ့ရာမှာလည်း အဝေးကွင်းမှာ ဂိုးပြတ် ၊ ခြေပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက် ၂-၀ စပါး ပွဲစဉ်မှာ စပါးရဲ့ ခြေစွမ်းက သာမန်ထက်ကို နိမ့်ပါးနေခဲ့ပြီး တပွဲလုံးနီးပါး မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကိုသာ ခုခံ ကစားခဲ့ရသလို ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေလည်း များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ စပါးပရိသတ် တချို့က အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်း ရဖို့ ရုန်းကန်နေရမှု အပေါ် ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး ကွန်တီကလည်း သူ့ရဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရသလို ပြိုင်ဘက်နဲ့ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူးလို့ ဆိုလာပါတယ်။

Photo Credit: Team Talk

ကွန်တီက – “ကျွန်တော်က ယူနိုက်တက်ကို တကယ်ကောင်းတဲ့ အသင်းလို့ ထင်ပါတယ်။ ခင်ဗျားတို့တွေလည်း ယူနိုက်တက်မှာ ဒီထက် ပိုပြီး တိုးတက်လာမယ့် အလားအလာတွေ ရှိနေတယ် ဆိုတာကို သိကြမှာပါ။ သူတို့က နွေဈေးကွက်ထဲမှာလည်း ကောင်းမွန်တဲ့ လူခေါ်ယူမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ကျွန်တော်တို့က ဒီပွဲမှာ အခုထက် ပိုကောင်းတဲ့ ကစားပုံမျိုးကို ပြသနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့က ပွဲကြီးတွေမှာ ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့က ချယ်လ်ဆီးနဲ့ပွဲမှာ ရုန်းကန်ခဲ့ရတယ်။ အာဆင်နယ်နဲ့ ပွဲမှာလည်း ရုန်းကန်ခဲ့ရတယ်။ ဒီပွဲမှာလည်း ရုန်းကန်နေရဆဲပါပဲ။ ယူနိုက်တက်က နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူတို့က တကယ်ကောင်းတဲ့ ပွဲကို ကစားနိုင်ခဲ့တာပါ။ ကျွန်တော်တို့က ဒီထက် ပိုပြီး ကောင်းမွန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ဖို့ ကြိုးစားရပါမယ်။ ကျွန်တော်တို့တွေ လာမယ့်ပွဲတွေမှာ ဒီထက် ပိုကောင်းဖို့ လိုပါတယ်” လို့ ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။