ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချယ်လ်ဆီးအသင်းကို နှစ်ဂိုးပြတ် အရေးနိမ့်ပြီးနောက် သူတို့အသင်းဟာ ချယ်လ်ဆီးအသင်းကို လိုက်မှီဖို့ မလွယ်ကူသေးကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ဖူးတဲ့ ကွန်တီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှ စတင်ကာ စပါးအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ လုပ်ကိုင်နေသူ တဦး ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ စပါးအသင်းရဲ့ ရလဒ်ပိုင်းနဲ့ ကစားပုံပိုင်းက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။
Photo Credit: Fot Mob
ဒါကြောင့်ပဲ အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ပြန်လည် ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ကွန်တီအနေနဲ့ စပါးအသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်မယ် လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားတဲ့ အချိန်မှာတော့ ကစားသမား တဦးချင်းစီရဲ့ အရည်အချင်း ကွာဟမှုတွေကြောင့် ချယ်လ်ဆီးအသင်းက စပါးအသင်းကို သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ဒ်ချ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ စပါးအသင်း အနေနဲ့ ချယ်လ်ဆီးအသင်းကို လုံးဝ ယှဉ်ပြိုင် ကစားနိုင်ခဲ့ခြင်း မရှိပဲ ပထမပိုင်းမှာဆိုရင် ဂိုးပေါက်တည့် ကန်ချက် တကြိမ်တောင် မလုပ်နိုင်ခဲ့ပါဘူး။
Photo Credit: Fot Mob
ချယ်လ်ဆီး ၂-၀ စပါး ပွဲစဉ် ပြီးဆုံးသွားချိန်မှာတော့ ကွန်တီက စပါးအသင်းအနေနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကြားမှာ ကြီးမားတဲ့ ကွာဟမှုတွေ ရှိနေကြောင်း ဝန်ခံသွားခဲ့သလို ချယ်လ်ဆီးအသင်းကို လိုက်မှီဖို့ကလည်း မလွယ်ကူကြောင်း ပြောကြားသွားခဲ့ပါတယ်။
ကွန်တီက – “ဒီပွဲက အတော်လေးကို ခက်ခဲတဲ့ ပွဲတပွဲပါ။ ပွဲအစထဲက ခက်ခဲခဲ့တယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ချယ်လ်ဆီးအသင်းက သူတို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်ကြောင်းကို သက်သေပြသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့က ပုံမှန်ခြေစွမ်း ရဖို့တောင် အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင်နေရတာကို သိထားကြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင် သူတို့အသင်းက ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့အသင်းနဲ့ ကျွန်တော်တို့အသင်းကို နှိုင်းယှဉ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ချယ်လ်ဆီးအသင်းက ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အဆင်သင့် ဖြစ်နေတဲ့ အသင်းတသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အဲဒီ အဆင့်အတန်းကို မရောက်သေးပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။