လာမယ့် ဇူလိုင်လလယ်လောက်မှာပဲ မန်ချက်စတာစီးတီးအသင်းဆီကို စတင်ရောက်ရှိလာတော့မယ့် အာဂျင်တီးနားကြယ်ပွင့်လေး တိုက်စစ်ကစားသမား ယူလီယန်အဲလ်ဗာရက်ဇ်ဟာ လက်ရှိမှာ အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းမှာ အငှားနဲ့ ပါဝင်ကစားနေပြီး သူရဲ့ သွင်းဂိုးတွေနဲ့ အာဂျင်တီးနား အမှတ်ပေးလိဂ်မှာ အသင်းကို ပထမဆုံးနိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Forbes

အသက်(၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမားလေး အဲလ်ဗာရက်ဇ်ဟာ ရေးဗားပလိတ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ခွင့်ရခဲ့သလို မန်စီးတီးက အသင်းမှာ ချက်ချင်း အသုံးမပြုပဲ ရေးဗားပလိတ်မှာသာ အငှားချဖြစ်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အငှားစာချုပ်ဟာ ဇူလိုင်လ (၇)ရက်နေ့မှာပဲ အဆုံးသတ်ရတော့မှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မန်စီးတီးအသင်းနဲ့ ပူးပေါင်းရတော့မှာ ဖြစ်ပေမယ့် ဒီလို သူရဲ့ မူလကလပ် စီးတီးအသင်းနဲ့ မပူးပေါင်းရခင်မှာ ရေးဗားပလိတ်အတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Julian Alvarez River Plate 2022

Photo Credit : Goal

ပြီးခဲ့တဲ့ ဇွန်(၂၀)ရက်နေ့က အာဂျင်တီးနား အမှတ်ပေးဖလား ပွဲစဉ်(၄)အဖြစ် ယူနီယံဒီဆန်တာအသင်းနဲ့ ရေးဗားပလိတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရေးဗားပလိတ်မှာ ပါဝင်လာခဲ့တဲ့ အဲလ်ဗာရက်ဇ်က အသင်းအတွက် အဖွင့်ဂိုးနဲ့ ဒုတိယဂိုးတွေအတွက် ဂိုးဖန်တီးမှုတွေ လုပ်ဆောင်ပေးနိုင်ခဲ့သလို အသင်းအတွက် တတိယဂိုးနဲ့ ပဉ္စမမြောက် ပွဲသိမ်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ သူရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မှုနဲ့ ရေးဗားပလိတ်က အဝေးကွင်းမှာ (၁)ဂိုး (၅)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီနိုင်ပွဲဟာလည်း အသင်းအတွက် ဒီရာသီ ပထမဆုံးသော အမှတ်ပေးပွဲစဉ်နိုင်ပွဲပါ ဖြစ်ခဲ့ရပါတယ်။ အထောင်တိုက်စစ်နေရာသာမက ဘယ်ညာ တောင်ပံနှစ်ဖက်မှာပါ ကစားတတ်သူဖြစ်တဲ့ အဲလ်ဗာရက်ဇ်ဟာ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာတော့ မန်စီးတီးအသင်းနဲ့ တရားဝင် ပူးပေါင်းရတော့မှာဖြစ်ပြီး အဲလ်ဗာရက်ဇ်ကို ရေးဗားပလိတ် အပါအဝင် ဥရောပ ကလပ်အသင်းများစွာက အငှားခေါ်ယူချင်တဲ့အတွက် မန်စီးတီးဘက်ကို ဆက်သွယ်ခဲ့ပေမယ့်လည်း မန်စီးတီးဘက်က ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး အဲလ်ဗာရက်ဇ်နဲ့ ဒေါ့မွန်ကနေ ခေါ်ယူထားတဲ့ နော်ဝေ ထိပ်တန်းကစားသမား အာလင်းဟော်လန်းတို့ကို အသင်းမှာ အတူတူ အသုံးပြုသွားဖို့ ဆန္ဒရှိနေပြီး ဟော်လန်းကို အထောင်တိုက်စစ်နေရာမှာသာ အသုံးပြုဖို့ ရှိနေသလို အဲလ်ဗာရက်ဇ်ကိုတော့ တောင်ပံမှာ အသုံးပြုဖွယ် ရှိနေပါတယ်။