ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ လူငယ်ကွင်းလယ်လူ ဂါလယ်ဂါကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၁ လက်စတာ စီးတီး ပွဲစဉ်မှာ ပွဲကစားချိန် ပထမပိုင်း အတွင်းမှာပဲ ၂ဝါ ၊ ၁နီနဲ့ ထွက်ခွာခဲ့ရတာကြောင့် အသင်းဖော်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂါလယ်ဂါက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခရစ္စတယ် ပဲလေ့စ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရာကနေ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးရဲ့ လူစာရင်းထဲ ပါဝင်ခွင့် ရခဲ့သူပါ။

Photo Credit: The Sun

ဂါလယ်ဂါက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခရစ္စတယ် ပဲလေ့စ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးနဲ့အတူ ကစားရချိန်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ လက်စတာ စီးတီးနဲ့ ပွဲမှာလည်း ပွဲကစားချိန် ၂၈မိနစ်မှာတင် ၂ဝါ ၁နီနဲ့ ထွက်ခွာခဲ့ရပါတယ်။

ဂါလယ်ဂါရဲ့ အနီကတ်ကြောင့်ပဲ ချယ်လ်ဆီးက ပွဲကစားချိန် မိနစ် ၆၀ကျော်ကို တယောက်လျော့ အနေအထားနဲ့ ယှဉ်ပြိုင် ကစားခဲ့ရပြီး ဂါလယ်ဂါကတော့ သူ့ရဲ့ အနီကတ်ကြောင့် အခက်တွေ့ခဲ့ကြတဲ့ အသင်းဖော်တွေ ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေကို ပွဲအပြီးမှာပဲ တောင်းပန်သွားခဲ့ပါတယ်။

Photo Credit: The Sun

ဂါလယ်ဂါက – “၁၀ယောက်ထဲနဲ့ အနိုင်ရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြတဲ့ အသင်းအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ ပြီးတော့ ကျွန်တော်က အသင်းဖော်တွေ ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ချင်ပါတယ်။ ကျွန်တော်ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့် အသင်းဖော်တွေကို လက်ကျန်ပွဲချိန် တလျှောက်လုံး တယောက်လျော့ အနေအထားနဲ့ ယှဉ်ပြိုင်ရအောင် လုပ်ခဲ့မိတဲ့ အတွက် ကျွန်တော့်မှာ အပြည့်အဝ တာဝန်ရှိပါတယ်။ အနိုင်ယူပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်” လို့ တောင်းပန်စကား ပြောကြားသွားခဲ့တာပါ။