မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီး free agent player ဖြစ်သွားခဲ့တဲ့ ဝါရင့် နောက်ခံကစားသမားကြီး ရာဖယ်လ် ဗာရန်းကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းပါ ပါဝင်လာခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြထားခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ် ဝါရင့် နောက်ခံလူ ဗာရန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ပါဝင်ကစားခဲ့ပြီး အောင်မြင်မှုတွေ အမြောက်အများလည်း ရယူနိုင်ခဲ့ပြီးချိန်မှာတော့ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ရင်း ယူနိုက်တက်အတွက်လည်း (၃)ရာသီအထိ ကျင်လည်ခဲ့ပါတယ်။

Photo Credit : Eurosport

ဗာရန်းက ယူနိုက်တက်မှာ ကစားသမားဘဝကို ဖြတ်သန်းနေရင်းနဲ့ ဒဏ်ရာပြသာနာများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပုံမှန်ခြေစွမ်းတွေ ပြသဖို့လည်း ရုန်းကန်ခဲ့ရသလို ပွဲထွက်ခွင့် ပုံမှန်ရနိုင်ဖို့အတွက်လည်း ခက်ခဲခဲ့ရပါတယ်။ ဒီအခြေအနေတွေကြောင့်လည်း ယူနိုက်တက်နဲ့ ဗာရန်းတို့က စာချုပ်သစ် ချုပ်ဆိုဖို့ အကြောင်းမရှိတော့ပဲ လက်တွဲဖြုတ်ဖို့သာ ဆုံးဖြတ်လိုက်ကြရပါတယ်။

အခုလို အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဗာရန်းလို အတွေ့အကြုံရင့် နောက်ခံကစားသမားကြီးကို မေဂျာလိဂ် ကလပ်အသင်းတွေ ၊ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေ ၊ သူရဲ့ပထမဆုံးကလပ် လန်းစ်အသင်း အပါအဝင် ဥရောပ ကလပ်အသင်းတချို့ကလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။

Photo Credit : Transfermarket

အဲ့ဒီကလပ်တွေထဲမှာ စီးရီးအေပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ ကိုမိုအသင်းလည်း အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။ ဘာစီလိုနာ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်းကြီး ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းဟာ မကြာသေးခင်ကလည်း ရိုးမားတိုက်စစ်မှူး ဘယ်လော့တီကို ခေါ်ယူထားခဲ့သလို အခု ဗာရန်းကိုပါ အာရုံစိုက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးဘီ အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာ ပိုင်ဆိုင်ခဲ့လို့ စီးရီးအေပြိုင်ပွဲကြီးဆီ တန်းတက်လာနိုင်ခဲ့တဲ့ ကိုမိုအသင်းဟာ လက်ရှိမှာတော့ ဗာရန်းလို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးကို အသင်းဆီ ခေါ်ယူနိုင်အောင် ကြိုးပမ်းလာခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့အတွက်ကတော့ ကိုမိုရဲ့ ကမ်းလှမ်းမှုနဲ့ ဗာရန်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်တော့မှာပဲ ဖြစ်ပါတယ်။