အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဖီအိုရင်တီးနားရဲ့ ဥက္ကဌ ကွန်မီဆို ကတော့ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ သူတို့အသင်း ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို သူတို့နဲ့ အာဆင်နယ်ကို အရူးလုပ်သွားခဲ့တဲ့ အတွက် စိတ်ဆိုး ဒေါသထွက်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဆားဘီးယား ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဖီအိုရင်တီးနားနဲ့ အတူ စတင် တောက်ပလာသူ ဖြစ်ပြီး ဖီအိုရင်တီးနားက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် သူကတော့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဗလာဟိုဗစ်ဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ အတွက် ဖီအိုရင်တီးနားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ဗလာဟိုဗစ်က အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်ထံ ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ဖီအိုရင်တီးနား ဥက္ကဌ ကွန်မီဆို ကတော့ သူဟာ ဗလာဟိုဗစ်ရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လန်ဒန်မြို့ဆီ ခဏခဏ သွားခဲ့ရကြောင်းနဲ့ ဗလာဟိုဗစ်နဲ့ သူ့ရဲ့ အေးဂျင့်တို့က သူတို့ကို လိမ်ညာခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Daily Mail

ကွန်မီဆိုက – “ကျွန်တော်တို့တွေ အားလုံးက သူဟာ အသင်းတသင်းနဲ့ လျို့ဝှက် သဘောတူညီမှု ရယူထားတယ် ဆိုတာကို သိထားကြပါတယ်။ သူက (အာဆင်နယ်ဆီကနေ) ရောက်လာတဲ့ ကမ်းလှမ်းမှုတိုင်းကို ငြင်းဆန်ခဲ့ပါတယ်။ ကျွန်တော်က သူ့ရဲ့ အပြောင်းအရွှေ့ အတွက် လန်ဒန်မြို့ဆီ မကြာခဏ သွားခဲ့ပေမယ့် သူကတော့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ အကြိမ်တိုင်းမှာ ငြင်းဆန်ခဲ့ပါတယ်။ ဗလာဟိုဗစ်က ဖီအိုရင်တီးနားမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ နေပြီး အလွတ်နဲ့ ထွက်ခွာချင်ခဲ့တာပါ။ သူ့ရဲ့ အေးဂျင့်ကလည်း အပြောင်းအရွှေ့ရဲ့ ၁၀ရာခိုင်နှုန်းကို အေးဂျင့်ခ အဖြစ် လိုချင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ဆီ ကနေ ရနိုင်သလောက် ပိုက်ဆံ အရယူချင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ရောင်းထုတ်လိုက်တာက ကျွန်တော်တို့အတွက် အကောင်းဆုံး အရာတခုပါပဲ။ သူ့ရဲ့ အေးဂျင့်ကလည်း လူလိမ်တယောက်ပါ” လို့ ပြောကြားသွားခဲ့တာပါ။