ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ကင်စလေကိုးမန်းက လတ်တလောမှာ သူရဲ့အနာဂတ်အခြေအနေတွေနဲ့ပတ်သက်ပြီး အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်လျက်ရှိနေပေမယ့် ကိုးမန်းကိုယ်တိုင်ကတော့ ဘိုင်ယန်မှာပဲ ဆက်လက်ရှိနေချင်တဲ့အပြင် သူရဲ့လုပ်ခလစာကိုပါ တိုးမြှင့်ပေးစေချင်နေပါတယ်။

Photo Credit : Twitter

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ကိုးမန်းဟာ ဘိုင်ယန်အသင်းမှာ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူဖြစ်ပေမယ့် သူ့ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေသလို ဒေါ့မွန်ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေတဲ့အခါမှာ ကိုးမန်းကို အရခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေပေမယ့် ကိုးမန်းကတော့ ဘိုင်ယန်မှာသာ ပျော်ရွှင်နေတာကြောင့် အသင်းနဲ့ပါ စာချုပ်သက်တမ်းတိုးဖို့အထိပါ ဆန္ဒရှိနေတယ်ဆိုပေမယ့် သူရဲ့လစာကို လက်ရှိရရှိနေတာထက် တိုးမြှင့်ပေးဖို့ အလိုရှိနေပါတယ်။

Photo Credit : Goal

ဂျာမနီအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Sportbild ရဲ့ ဖော်ပြချက်အရ ကင်စလေကိုးမန်းရဲ့ အေးဂျင့်တွေဟာ သူရဲ့ကစားသမားအတွက် တစ်နှစ်လုပ်ခလစာအဖြစ် ယူရို(၁၂)သန်းလောက်အထိကို တောင်းဆိုချင်နေကြပြီး ဒီတန်ဖိုးဟာ ဘိုင်ယန်အသင်းရဲ့ အဓိက ဂိုးသွင်းစက်ကြီးဖြစ်တဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး ရရှိနေတဲ့ လုပ်ခပမာဏနဲ့ တူညီလို့နေပါတယ်။ ဘိုင်ယန်ဘက်ကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ကိုးမန်းကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိတဲ့အတွက် ကစားသမားဘက်ကနေ အလိုရှိနေတဲ့ လစာမျိုးကို ပေးချေသွားဖို့ ဆွေးနွေးညှိနှိုင်းဖွယ် ရှိနေပါတယ်။ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကိုးမန်းဟာ ၂၀၁၄ခုနှစ်မှာ ဂျုဗင်တပ်စ်အသင်းကို ရောက်ရှိခဲ့ပေမယ့် တစ်နှစ်အကြာမှာပဲ ဘိုင်ယန်မြူးနစ်ဆီ (၂)ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သလို အငှားစာချုပ် ကုန်ဆုံးချိန်မှာပဲ အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ကိုးမန်းဟာ ဘိုင်ယန်အသင်းမှာ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်နဲ့ ဂျာမန်အမှတ်ပေးဆုဖလားကို (၆)ကြိမ် ဆွတ်ခူးခဲ့သလို ဘိုင်ယန်ဟာလည်း သူရဲ့သွင်းဂိုးနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။