ဘိုင်ယန်အသင်းရဲ့ တောင်ပံ ကစားသမား ကိုးမန်ဟာ ပီအက်စ်ဂျီအသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာ (၂) ရာသီကစားခဲ့စဉ်က ပွဲစဉ် (၄) ပွဲ ကစားထား ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ အသင်းဟောင်း ပီအက်စ်ဂျီအသင်းကို အနိုင်ကစားချင်တယ်လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ နာဘရီရဲ့ သွင်းဂိုး (၂) ဂိုး နဲ့ လီဝန်ဒေါ့စကီးရဲ့ သွင်းဂိုး (၁) ဂိုးကြောင့် လိုင်ယွန်အသင်းကို ပေးဂိုးမရှိ (၃-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို တက်လှမ်းလာခဲ့ပြီး ဗိုလ်လုပွဲစဉ်ကို ပီအက်စ်ဂျီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွာတား ဖိုင်နယ် ပွဲစဉ်မှာ လာလီဂါ အသင်းကြီး ဘာစီလိုနာအသင်းကို (၈-၂) နဲ့ အနိုင်ရရှိခဲ့စဉ်က ခံစစ်၊ ကွင်းလယ်၊ ရှေ့တန်း ကောင်းမွန်ခဲ့ပေမယ့်လည်း မနေ့ညက လိုင်ယွန်အသင်းကို (၃-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာတော့ အသင်းရဲ့ ခံစစ်က လိုအပ်ချက်တွေ များခဲ့ပါတယ်။ ဘိုင်ယန်အသင်းရဲ့ တောင်ပံ ကစားသမား ကိုးမန်ကတော့ ပြိုင်ဘက် လိုင်ယွန်အသင်းက ဘိုင်ယန်အသင်းကို ကံကောင်းစွာနဲ့ ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းကို အနိုင်မရဘူး ဆိုရင် ကြိုးစားခဲ့သမျှက အလဟာသ ဖြစ်သွားလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘိုင်ယန် တောင်ပံလူ ကိုးမန်က “ဒီနိုင်ပွဲက ကောင်းမွန်တဲ့ ပုံစံပါပဲ။ ကျွန်တော့်ရဲ့ စိတ်က ဘိုင်နယ်အသင်းမှာပဲ (၁၀၀) ရာခိုင်နှုန်း ရှိပါတယ်။ လက်ရှိအချိန်က အချိန်ကောင်းပါပဲ။ ကျွန်တော်တို့ ဗိုလ်လုပွဲကို တက်လှမ်းချင်ခဲ့ပြီး အခုတော့ အနိုင်ရဖို့ လိုအပ်ပါတယ်။ အလုပ် မပြီးသေးပါဘူး။ ကျွန်တော်တို့ ဗိုလ်လုပွဲကို အနိုင်ရဖို့ လိုပါတယ်။ အနိုင်မရဘူး ဆိုရင် ကျွန်တော်တို့ ကြိုးစားလာခဲ့သမျှက အလဟာသ ဖြစ်ပါလိမ့်မယ်။ လိုင်ယွန်အသင်းနဲ့ ပွဲက ရှုပ်ထွေးမယ် ဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်။ သူတို့က သူတို့ရဲ့ အရည်အချင်းနဲ့ ကစားသွားခဲ့တာ ဖြစ်ပြီး ကံကောင်းစွာနဲ့ သူတို့ ဂိုးမသွင်းနိုင်ဘဲ ကျွန်တော်တို့ အကျိုးရှိသွားခဲ့ပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။