MySport Myanmar

ကလပ်ကမ္ဘာ့ဖလားက ချန်ပီယံလိဂ်ထက် ပိုကြီးကျယ်လာမယ်လို့ ကော်လ်ဝဲလ် ဆို

ချယ်လ်ဆီးနောက်ခံလူ လီဗီ ကော်လ်ဝဲလ်က အနာဂတ်မှာ ကလပ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်တာဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်တာထက် ပိုပြီး ဂုဏ်သိက္ခာကြီးမားလာလိမ့်မယ်လို့ ရဲရဲဝံ့ဝံ့ ပြောကြားလိုက်ပါတယ်။ ၂၀၂၅-၂၆ ရာသီမှာ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့လည်း သူက ယုံကြည်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ တနင်္ဂနွေနေ့က နယူးဂျာစီမှာ ကျင်းပခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဥရောပချန်ပီယံ ပီအက်စ်ဂျှီကို ၃-ဝနဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပါတယ်။ ကိုးလ် ပါလ်မာက ချယ်လ်ဆီးအတွက် ၂ ဂိုးသွင်းယူပြီး ၁ ဂိုး ဖန်တီးပေးခဲ့တာကြောင့် အင်္ဂလန်ကလပ်ဟာ ကမ္ဘာ့ချန်ပီယံအဖြစ် သရဖူဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit : Flsehscore

ကလပ် ကမ္ဘာ့ဖလားကို အောင်နိုင်ပြီးနောက် ကော်လ်ဝဲလ်ဟာ ၂၀၂၅-၂၆ ရာသီမှာ အနောက်လန်ဒန်အခြေစိုက် ချယ်လ်ဆီးနဲ့အတူ နောက်ထပ် ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ယုံကြည်မှုရှိနေပါတယ်။ နောက်ခံလူက လာမယ့်နှစ်တွေမှာ ကလပ် ကမ္ဘာ့ဖလားဟာ ချန်ပီယံလိဂ်ထက် ပိုမိုအရေးပါလာလိမ့်မယ်လို့ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ကော်လ်ဝဲလ်က “ဒီပြိုင်ပွဲ မစခင်ကတည်းက ကျွန်တော်တို့ရဲ့ အစီအစဉ်က ဒါကို [ကလပ် ကမ္ဘာ့ဖလားကို] အနိုင်ရဖို့ပဲလို့ ပြောခဲ့တော့ လူတွေက ကျွန်တော့်ကို ရူးနေသလို ကြည့်ကြတယ်။ ဒါကြောင့် အခု ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ဦးတည်သွားတော့လည်း အဲဒီအတိုင်းပဲ ကျွန်တော် ပြောပါမယ်။ ဒါက ကျွန်တော် ရဖူးသမျှ အကြီးဆုံး ဆုဖလားပါပဲ။ ကလပ် ကမ္ဘာ့ဖလားက ချန်ပီယံလိဂ်ထက် ပိုကြီးကျယ်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပြီး ကျွန်တော်တို့က ပထမဆုံးအသင်းအနေနဲ့ အနိုင်ရခဲ့တာပါ။ ဒါက ပြောင်မြောက်တဲ့ အနိုင်ပွဲဖြစ်ခဲ့ပြီး အနာဂတ်မှာ ဆုဖလားတွေ ဆက်နိုင်ရင် ကျွန်တော်တို့ ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာတွေကို လူတိုင်းက ပေးလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို အနာဂတ်မှာပဲ ကျွန်တော်တို့ သိရပါလိမ့်မယ်။ ကျွန်တော်တို့ အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်၊ လာမယ့်ရာသီမှာ ကြည့်ကြတာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ကော်လ်ဝဲလ်က လာမယ့်ရာသီ ချယ်လ်ဆီးရဲ့ အဓိက ဆုဖလားများ ပစ်မှတ်ထားမှုအပေါ် ထပ်လောင်းပြောကြားခဲ့တာက “ကျွန်တော်တို့ဟာ အသင်းတစ်သင်းဖြစ်ပြီး ဒါက ချယ်လ်ဆီးရဲ့ အမှတ်အသားပါပဲ။ ဘာပဲဖြစ်ဖြစ် အတူတကွ ရပ်တည်တယ်။ ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာတို့လို ကစားသမားတွေက ဒါကို စတင်ခဲ့ပြီး ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းထားတာပါ။ သူတို့အားလုံးက မယုံနိုင်စရာ ကစားသမားတွေ ဖလားများစွာ ရခဲ့တဲ့ အကောင်းဆုံး ကစားသမားတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာလည်း အကောင်းဆုံး ကစားသမားတွေ ရှိနေပြီး ချယ်လ်ဆီးအတွက် အကြီးဆုံး ဆုဖလားတွေ ရယူဖို့က ကျွန်တော်တို့ရဲ့ အစီအစဉ်ပါပဲ။ ကျွန်တော်တို့ သေချာပေါက် လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပြသခဲ့ပြီလို့ ထင်ပါတယ်။ ပီအက်စ်ဂျီက ကမ္ဘာ့အကောင်းဆုံးအသင်းပဲလို့ လူတိုင်းက ပြောခဲ့ကြပေမဲ့ ကျွန်တော်တို့ ၃-၀ နဲ့ အနိုင်ရခဲ့တယ်” လို့ ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့ပါတယ်။

အန်ဇို မာရက်စ်ကာရဲ့ ကမ္ဘာ့ဖလား ချန်ပီယံအသင်းဟာ လေဗာကူဆင်၊ အေစီမီလန်အသင်းတို့နဲ့ ရာသီကြို ခြေစမ်းပွဲအချို့ ကစားဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက် ၂၀၂၅-၂၆ ရာသီကို သြဂုတ်လ ၁၇ ရက်နေ့မှာ လန်ဒန်မြို့ခံကလပ် ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ကစားပြီး တရားဝင် စတင်မှာ ဖြစ်ပါတယ်။

Exit mobile version