လီဗာပူးအသင်း ၊ နော်တင်ဟန်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ကော်လီမိုးကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး နည်းပြ ၁၀ဦးစာရင်းမှာတောင် မပါဝင်ဘူးလို့ ဝေဖန် သွားခဲ့ပါတယ်။ ကော်လီမိုးဟာ ဆောင်းပါးတစ်ခု ပုံစံနဲ့ ဂွာဒီယိုလာဟာ ဘာ့ကြောင့် အကောင်းဆုံး နည်းပြ ၁၀ဦးစာရင်းမှာ မပါဝင်တာလဲ ဆိုတာကို ရှင်းပြသွားခဲ့တာ ဖြစ်ပြီး ကျွန်တော်က သူ့ရဲ့ ဆောင်းပါးကိုပဲ ဘာသာပြန်ပြီး ဖော်ပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘာ့ကြောင့် ဂွာဒီယိုလာဟာ အကောင်းဆုံး နည်းပြ ၁၀ဦးစာရင်းမှာ မပါဝင်တာလဲ? (ကော်လီမိုး)

Photo Credit: Mirror

တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ကားမောင်း အတော်ကျွမ်းကျင်အောင် သင်ပေးပြီးတော့ ဖော်မြူလာဝမ်း ပြိုင်ကားသမား Lewis Hamilton ရဲ့ ကား ကို မောင်းခိုင်းမယ်ဆိုရင် ကျွန်တော် ပြေးလမ်းတစ်လျှောက် အမြန်ဆုံးမောင်းနှင် နိုင်မှာ အသေအချာပါဘဲ။ အလားတူပါပဲ တစ်ယောက်ယောက်က ကျွန်တော့်ကို ဘောလုံးအသင်းတစ်သင်းအတွက် ပေါင် ၁ လီယီယံ သုံးစွဲခွင့် ပေးရင် ကျွန်တော် ကောင်းကောင်း လုပ်နိုင်မှာပါ။

Photo Credit: Mirror

ဒါကြောင့်မို့ ပက်ဂွာဒီယိုလာ အနေနဲ့ ဒီရာသီမှာ မန်ချက်စတာ စီးတီး အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့မယ်ဆိုရင်တောင် ဒါဟာ သာမန် ကိစ္စ တစ်ခုလိုဖြစ်နေမှာပါ။ ဂွာဒီယိုလာ အနေနဲ့ လာမယ့် နွေရာသီမှာ အီတီးဟတ် ကနေ ထွက်ရဖို့ သတင်းတွေ ထွက်နေပေမယ့်လည်း သူက အခုချိန် ထိ သမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြ ဖြစ်တယ်လို့ ကျွန်တော့်ကို ယုံကြည်အောင် အင်္ဂလန်မှာ ဘာမှ မလုပ်ပြနိုင်သေးပါဘူး။ ဆယ်စုနှစ် တစ်ခု ဒါမှမဟုတ် နှစ်ခု အတွင်းမှာတောင် ဂွာဒီယိုလာကို ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး နည်းပြ ၁၀ ယောက် စာရင်းမှာတောင် ထည့်သွင်း စဉ်းစားဖို့ မလိုဘူးလို့ ကျွန်တော် ထင်ပါတယ်။ အယောက် ၂၀ ထဲမှာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၁၀ ယောက်ထဲမှာတော့ မဖြစ်နိုင်ပါဘူး။ နံပါတ် ၁ လားဆိုရင်တော့ လုံးဝကို ဘယ်လိုနည်းနဲ့မှ မနီးစပ်ပါဘူး။

Photo Credit: Mirror

အကောင်းဆုံးနည်းပြ လို့ ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချန်ပီယံလိဂ် နှစ်ကြိမ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကြာအောင် အသင်းကို အကောင်းဆုံး ပုံစံမှာ ထိန်းထားနိုင်ခဲ့တဲ့ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ၊ ဒါမှမဟုတ် မထင်မရှား အသင်းလေး နဲ့ ကစားသမားတွေကို အင်္ဂလိန် ချန်ပီယံနဲ့ ဥရောပ ဖလား နှစ်ကြိမ် ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နော်တင်ဟန် ဖော်ရက်စ် အသင်း နည်းပြ ဘရိုင်ယန် ကလောက် ကိုပဲ ရွေးချယ်ရမှာပါ။ လိဒ်အသင်း နဲ့ ခြေစွမ်းပြခဲ့တဲ့ နည်းပြ ဒွန်ရီးဗီး ကိုတော့ အကောင်းဆုံးနည်းပြ ငါးယောက် ထဲမှာ ထားလိုက်ပါမယ်။ ဆဲလ်တစ်နဲ့ အောင်မြင်မှု ရခဲ့တဲ့ ဂျော့စတိန်း၊ ဘေးလ်ရှန်ကလေ ၊ ဘော့တ် ပိတ်စလေ ၊ အာရီဂို ဆာရှီ ၊ အူဒို လတ်တက် နဲ့ ဂျိုဟန် ခရိုက်ဖ် တို့က အကောင်းဆုံးနည်းပြ တွေ ဖြစ်ပါတယ်။ ဂွာဒီယိုလာ အနေနဲ့ ဘောလုံးလောက ကို တစ်ခေတ်ဆန်းစေခဲ့တာဆိုတာကို မေ့လိုက်ရအောင်။ သူက ခရိုက်ဖ် ဘာစီလိုနာမှာ လုပ်ခဲ့တာကို ပိုကောင်းအောင် လုပ်ခဲ့တာပဲ ရှိပါတယ်။

Photo Credit: Mirror

ဂွာဒီယိုလာဟာ ‌စီးတီး၊ ဘိုင်ယန် နဲ့ ဘာစီ တို့မှာ ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ဘောလုံးကစားပုံကို တည်ဆောက်နိုင်ခဲ့တာကတော့ မှန်ပါတယ်။ သူဟာ ခေတ်သစ် ဘောလုံးလောကမှာ အကောင်းဆုံး ကွင်းလယ် အတွဲတွေကို တည်ဆောက်နိုင်ခဲ့သူပါ။ ဘိုင်ယန် မှာဆိုရင် ဘွန်ဒက်လီဂါ ဖလားကို သုံးကြိမ် ရအောင် စွမ်းဆောင် နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ကနေတော့ အထုတ်ခံခဲ့ရပါတယ်။

Photo Credit: Mirror

ကျွန်တော် နည်းပြတွေကို ကောင်းမကောင်းဆုံးဖြတ်ရင် အကြပ်အတည်း အခြေအနေမှာတောင် သူတို့ဘယ်လို ရုန်းထွက်လဲ ဆိုတာကို ကြည့်ပါတယ်။ အခု စီးတီး အသင်းမှာ ဒဏ်ရာ ရ ကစားသမားတွေနဲ့ ပြည့်နေပြီ။ ဆိုတော့ ဂွာဒီယိုလာ ဘယ်လို လုပ်ပြမလဲဆိုတာကို စောင့်ကြည့်ရပါမယ်။ အကယ်၍ ဂွာဒီယိုလာက ခင်ဗျားတို့ ပြောသလို တကယ်တော်တဲ့ နည်းပြ တစ်ဦးဆိုရင် သူ့မှာ ရှိတဲ့ နောက်တန်းကစားသမားတွေရယ် နဲ့ ကွင်းလယ်ကစားသမားတွေ နဲ့ အကောင်းဆုံး လုပ်ပြနိုင်မှာပါ။ ဒါပေမယ့် သူအခုထိ မလုပ်ပြနိုင်သေးပါဘူး။ အဲ့ဒါကြောင့်ပဲ ကျွန်တော်က သူ့ကို တကယ်တော်တဲ့ ခေတ်သစ် နည်းပြ တစ်ယောက်လို့ မပြောနိုင်တာပါ။ ဂွာဒီယိုလာက အခုမှ သမိုင်းရေးထိုးတုန်းပါ။ သူ့ကို ဘရိုင်ယန် ကလောက် ဒါမှမဟုတ် ဖာဂူဆန်နဲ့ လုံးဝ မနှိုင်းယှဉ်ပါနဲ့။