ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကော်လီမိုးကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ စပါးတို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂျီးဆပ်အနေနဲ့ အာဆင်နယ် ၊ စပါးတို့ထက် ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးကနေ ထွက်ခွာခွင့် ရထားသူ ဖြစ်ပြီး အာဆင်နယ် ၊ ချယ်လ်ဆီးနဲ့ စပါးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ အာဆင်နယ် ၊ ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့ တာဝန်ရှိသူတွေက ဂျီးဆပ်ရဲ့ အေးဂျင့်တွေထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး သုံးသင်းစလုံးက သူ့အတွက် ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ထားကြပြီး ဂျီးဆပ်ဟာ ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ရပါတော့မယ်။

ဘရာဇီးလ် ဘောလုံးရေးရာ သုံးသပ်သူ အများစုက ဂျီးဆပ်ကို ဘရာဇီးလ်လူမျိုး အားကစားဒါရိုက်တာ ဖြစ်သူ အီဒူး ရှိနေတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းနေကြပေမယ့် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ကော်လီမိုးကတော့ ဂျီးဆပ်အနေနဲ့ အာဆင်နယ်နည်းပြ အာတီတာကို ယုံကြည်လို့ မရတာကြောင့် ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ကော်လီမိုးက – “ချယ်လ်ဆီးက ဂျီးဆပ်ကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို အာဆင်နယ်က ဂျီးဆပ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ တသင်းထဲသော အသင်း ဖြစ်မယ်လို့ မထင်ပါဘူး။ အာဆင်နယ်က ဂျီးဆပ်ကို ရလိုက်ပြီလို့ ဆိုကြပါစို့ဗျာ။ အာတီတာက ဂျီးဆပ်ဆီကနေ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ယူနိုင်မယ်လို့ ထင်လား။ ကျွန်တော်ကတော့ အဲံဒီလို မထင်ပါဘူး။ ဂွာဒီယိုလာကတောင် ဂျီးဆပ်ဆီကနေ အကောင်းဆုံး ခြေစွမ်းတွေကို မထုတ်ယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် အာတီတာကလည်း ဂျီးဆပ်ကို ကူညီနိုင်မယ် မထင်ပါဘူး။ တကယ်လို့ ဂျီးဆပ်ကသာ ချယ်လ်ဆီးဆီ ရောက်သွားခဲ့ရင် သူက လူကာကူ မကစားနိုင်ခဲ့တဲ့ ကစားဟန်မျိုးနဲ့ ကစားပြနိုင်ပါလိမ့်မယ်။ ချယ်လ်ဆီးမှာ အခွင့်အရေး ဖန်တီးမှုတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဂျီးဆပ်က ချယ်လ်ဆီးဆီ ရောက်သွားရင် ဂိုးသွင်းမုဆိုး တယောက် ဖြစ်လာနိုင်ပါတယ်” လို့ အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။